တုံတာနှင့် မိုင်းပျဉ်းကြားတွင် အိမ်စီးကား ၃ စီးအဖွဲ့ကို လက်နက်ကိုင်အဖွဲ့က ငွေကြေးတောင်းခံပြီးနောက် အဆက်အသွယ် ပြတ်တောက်နေ

တုံတာနှင့် မိုင်းပျဉ်းကြားတွင် အိမ်စီးကား ၃ စီးအဖွဲ့ကို လက်နက်ကိုင်အဖွဲ့က ငွေကြေးတောင်းခံပြီးနောက် အဆက်အသွယ် ပြတ်တောက်နေ
မေ 10, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်အတွင်း တုံတာ နှင့် မိုင်းပျဉ်းအကြားတွင် ကား (၃) စီးဖြင့် ညအိပ်ရပ်နားနေသည့် အမျိုးသား (၃)ဦးကို လက်နက်ကိုင်ထားသည့်အဖွဲ့က ငွေကြေးတောင်းခံမှုဖြစ်ပွားပြီး ငွေတောင်းခံရသည့် ကားသမား(၃)ဦးလည်း ပျောက်သွားကာ အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

"သူတို့က တုံတာနဲ့ မိုင်းပျဉ်းကြားမှာ မနေ့ညက လမ်းဘေးမှာ ကားရပ်ပြီး ညအိပ်နားကြတာ။ မနက်အစောမှာ လက်နက်ကိုင်ထားတဲ့လူ (၄)ယောက် ရောက်လာပြီး ကားတစ်စီးကို ကျပ် (၅)သိန်းတောင်းတယ် ပြောတယ်။ အဲဒါ ညှိကြရင်း အဆင်မပြေဖြစ်ပြီး ကားတစ်စီးကို မှန်တွေ ရိုက်ခွဲပစ်လိုက်တယ်တဲ့။ ပြီးတော့ ကားတစ်စီး ကျပ် သိန်း (၅၀)ပေးမှ သွားခိုင်းမယ်ပြောတယ်တဲ့။ အဲဒီနောက် သူတို့ကို ဖုန်းဆက်လို့မရတော့ဘူး။ "ဟု ကားသမားတစ်ဦးနှင့် နီးစပ်သူတစ်ဦးက Tachileik News Agency သို့ မေလ(၁၀)ရက်နေ့တွင် ပြောသည်။

အဆိုပါ အမျိုးသား (၃)ဦးသည် ကား (၃)စီးဖြင့် တောင်ကြီးဘက်မှ "ဝ"ဒေသ မိုင်းပေါက်ဘက်သို့ သွားရန်အတွက်  ၂၀၂၃ ခုနှစ် မေလ (၉)ရက်နေ့ ညပိုင်းတွင် တုံတာနှင့် မိုင်းပျဉ်းအကြား လမ်းဘေး၌ ညအိပ်ရပ်နားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ယနေ့ နံနက်အစောပိုင်းတွင် ၎င်းတို့အဖွဲ့ထံ မည်သည့်အဖွဲ့ဖြစ်သည်ကို အတည်မပြုနိုင်သည့် သေနတ်ကိုင်ထားသည့်အမျိုးသား (၄)ဦးအဖွဲ့ရောက်လာကာ ငွေကြေးတောင်းခံရာမှ ညှိနှိုင်းမရဖြစ်ပြီး ကားတစ်စီးမှန်များ ရိုက်ခွဲခံရခြင်းဖြစ်သည်ဟု သိရသည်။

ငွေကြေးတောင်းခံသည့်အဖွဲ့က ကားတစ်စီးလျှင် ကျပ် (၅)သိန်းဆီ တောင်းခံနေရာမှ ကားတစ်စီးလျှင် ကျပ်သိန်း (၅၀)ပေးမှ သွားခွင့်ပြုမည်ဟု ထပ်တိုး ပြောဆို တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကား (၃)စီးနှင့် အမျိုးသား (၃)ဦးအဖွဲ့ကို နံနက် (၁၁)နာရီဝန်းကျင်မှစ၍ ၎င်းတို့၏ နီးစပ်သူများအနေဖြင့် ယနေ့ ည(၇)နာရီအချိန်အထိ အဆက်အသွယ်မရတော့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပျဉ်းတပ်နယ်က တောင်ကြီး - တာချီလိတ်လမ်းပိုင်းသို့ လာသည့် ကားအဝယ်အရောင်း ပြုလုပ်သူများအပေါ် မတရားငွေကြေးတောင်းခံမှုများ ပြုလုပ်နေသလို မထင်ရင် မထင်သလို ကားများကို ဖမ်းဆီးပြီး အပျောက်ရိုက်ခြင်းများအထိပါ ၂၀၂၁ခုနှစ်၏ နှစ်ဝက်က စပြီး လုပ်ဆောင်နေသည်များလည်းရှိကြောင်း ကား ဝယ်ရောင်း ပြုလုပ်နေသူများထံက သိရသည်။

ယခုဖြစ်စဉ်တွင် သေနတ်များကိုင်ဆောင်ထားသည့် လူတစ်စုမှာ မည်သည့်အဖွဲ့အစည်းက ဖြစ်သည်ကိုတော့ Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။