တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကုန်စည်ပို့ဆောင်ရေးအတွက် ဖွင့်လှစ်နိုင်ရန် ထိုင်းကုန်သည်များ၏ တင်ပြမှုကို ထိုင်းတာဝန်ရှိသူများ ဆွေးနွေးနေ

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားကို ကုန်စည်ပို့ဆောင်ရေးအတွက် ဖွင့်လှစ်နိုင်ရန် ထိုင်းကုန်သည်များ၏ တင်ပြမှုကို ထိုင်းတာဝန်ရှိသူများ ဆွေးနွေးနေ
ဖေဖော်ဝါရီ 12, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံတွင်းမှ မြန်မာဘက်သို့ ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်စေရေးအတွက် မယ်ဆိုင် - တာချီလိတ်ကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁) ကို ကုန်စည်အတွက် ဖွင့်လှစ်ပေးရန် ထိုင်းကုန်သည်များ၏ တင်ပြချက်အား ထိုင်းနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများ  ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့က ဆွေးနွေးကြကြောင်း သိရသည်။

ချင်းရိုင်း ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် တာဝန်ရှိသူများက တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁) ဖွင့်လှစ်နိုင်မည့်အနေအထားနှင့် ပြင်ဆင်ရမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား ဖွင့်လှစ်မည်ဆိုပါက COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မယ်ဆိုင်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ အစုအဖွဲ့များ တာဝန်ယူဆောင်ရွက်ကြရန်နှင့် မြန်မာဘက်ခြမ်းမှ ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ခြားကော်မတီ TBC မှတစ်ဆင့် အကြောင်းကြားစာပေးပို့ဆောင်ရွက်ရန် ဆွေးနွေးကြကြောင်း သိရသည်။

နှစ်ဖက်ဒေသတွင်း COVID 19 ထိန်းချုပ်နိုင်မှု အခြေအနေများကို နှစ်ပတ်ခန့်စောင့်ကြည့်ပြီးမှ တံတားဖွင့်မည့်ကိစ္စကို ဆက်လက်ဆောင်ရွက်ရန် ကျန်းမာရေးဌာနက အကြံပြုဆွေးနွေးထားသည်ဟု သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) ကို COVID 19 ကြောင့် ထိုင်းနိုင်ငံဘက်က ၂၀၂၀ ခုနှစ် မတ်လ (၂၃)ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး တံတား(၂)ကိုတော့ ကုန်စည်ပို့ဆောင်ရန်အတွက်သာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။