တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပျဉ်းတပ်နယ်က ကားအဝယ်အရောင်း ပြုလုပ်သူများအပေါ် ငွေကြေး မတရားတောင်းခံနေပြီး သိမ်းဆည်းကားအချို့ကို အပျောက်ရိုက်

 တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပျဉ်းတပ်နယ်က ကားအဝယ်အရောင်း ပြုလုပ်သူများအပေါ် ငွေကြေး မတရားတောင်းခံနေပြီး သိမ်းဆည်းကားအချို့ကို အပျောက်ရိုက်
နိုဝင်ဘာ 21, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုင်းပျဉ်းတပ်နယ်က တောင်ကြီးမှ တာချီလိတ်သို့ လာသည့် ကားအဝယ်အရောင်း ပြုလုပ်သူများအပေါ် မတရားငွေကြေးတောင်းခံမှုများ ပြုလုပ်နေသလို မထင်ရင် မထင်သလို ကားများကို ဖမ်းဆီးပြီး အပျောက်ရိုက်ခြင်းများအထိပါ လုပ်ဆောင်နေသည်။

အချို့ Revo၊ Ford Raptor ၊ Vigo၊ Double Cap၊ Honda Fit  ကားတွေ မထင်ရင် မထင်သလို ဖမ်းသမျှ အမှုမဖွင့်ဘူး။ အလွတ်တွေကြီး ဆွဲစားနေတာ၊  အစက ညှိမရဘူး ဖမ်းတယ်။ အမှုတော့ မဖွင့်ဘူး။  သတင်း မထွက်ဘူး အပျောက်ရိုက်တာ။  ဖမ်းခံရရင် လူကို ငွေနဲ့ရွေးကြရတယ်။ ကားကတော့ အဆုံးပဲ။ အမှုဖွင့်ရင် လူအပါမခံချင်ဘူးဆိုတာကို သိတော့ သူတို့ လူကိုငွေနဲ့ရွေးထုတ်၊ ကားကိုတော့ အဆုံးဆိုပြီး ဂွင်ဆင်တာပေါ့။ မိုင်းပျဉ်းတပ်နယ်က လုပ်စားနေတာ။  အဓိက က တြိဂံတိုင်းလက်အောက်က ဖြစ်နေတာ  ဒါကို တိုင်းမှူး သိလား မသိလားဆိုတာတော့ မပြောတတ်ဘူး

ဟု ကားဝယ်ရောင်းပြုလုပ်နေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ငွေကြေးများတောင်းခံရာတွင် ကားအမျိုးအစား နှင့် လူပေါ်မူတည်ကာ တောင်းခံခြင်းများပြုလုပ်ကြောင်း သိရသည်။

ဟုတ်ပါတယ်။ အခုနောက်ပိုင်းက  တန်ဖိုးကြီး ကားအမျိုးအစားပေါ် မူတည်ပြီး ငွေတောင်းတာ မိုင်းပျဉ်းမှာ (၄)သိန်း(၅)သိန်း(၈)သိန်း၊ တာကော်မှာ (၇)သိန်း တခါတခါ တောင်းတာက မတူဘူး။ ကားနဲ့ လူအပြောအဆိုပေါ်လည်း မူတည်သေးတယ်။ စစ်ကောင်စီတက်ပြီး မကြာဘူး (၃)လပိုင်းလောက်ကနေ အခုလို အတောင်းကြမ်းနေတာ။  တောင်ကြီးကနေ တာချီလိတ်အဆင်းမှာ တာကော်မှာ ညှိရတာ သူတို့ ပေးသွားပြီး ဖမ်းချင်တဲ့ကားဆိုရင် ကားနံပါတ် ကားအမျိုးအစား အရောင်တွေ မှတ်ထားပြီးတော့ မိုင်းပျဉ်းကို စက်နဲ့လှမ်းပေါက် အသိပေးတယ်။ ဟိုက   ဖမ်းဖို့ အဆင်သင့်စောင့်တယ်။ ဟိုးအရင်က ငွေပေးရပေမဲ့ အခုလောက်ထိ မဟုတ်ဘူး။ အခုက သူတို့ လက်ထဲ လုပ်ချင်သလို လုပ်လို့ရနေသလို။ ရဲတွေက အစ စစ်တပ်ကို လုံးဝ ကြောက်နေရတော့ ဘာမှ မတတ်နိုင်ဘူး

ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ညှိနှိုင်းမှု အဆင်မပြေသည်များရှိပါက ဖမ်းဆီးမှုများပြုလုပ်ပြီး အမှုလိမ်လည်ရေးသား ဖွင့်လှစ်မှုများရှိသည်ဟုလည်း သိရသည်။

ဂိတ်ကနေတော့ ပေးသွားလိုက်တယ် ကားလည်းထွက်သွားရော သူတို့ လုပ်စားလို့ရမဲ့ လူမျိုးဆိုရင် စက်နဲ့ပေါက်လိုက်တယ်။ တောင်ပေါ်မှာ စောင့်ဖမ်းတာ။ မိုင်းပျဉ်းမှာက လူပြတ်တယ်လေ။ တခါတလေ အမှုဖွင့်တာမျိုးအထိ လုပ်ရင် စခန်းက အမှုမဖွင့်ရင်တောင် တပ်က ဘယ်ပုဒ်မနဲ့ဖွင့်ဆိုပြီး ခိုင်းတာတွေရှိနေတယ်။ သူတို့ရဲ့ မျက်မြင်သက်သေ ဆိုတာကလည်း တပ်က လူတွေပဲ။ နောက်ပြီး ဖြစ်စဉ်တွေနဲ့ ပတ်သက်ရင်လည်း  မောင်းပြေးတယ်တို့ အစစ်မခံဘူးတို့ လုပ်ပြီး အထက်ကို လိမ်ပြီး ကြေးနန်းတင်တာမျိုးတွေ အမှုရေးတာမျိုးတွေ လုပ်တာပေါ့။ ဒါကို အထက်ကလည်း အောက်က ဘာလုပ်လုပ် ယုံကြတာပဲ။ တကယ်တမ်းက မောင်းပြေးဖို့ နေနေသာသာ ဂိတ်မှာ အနှေးမောင်းအတုံးတွေထား ထားတာ။ မောင်းရတာတောင် ဖြေးဖြေးပဲ မောင်းရတာ။ နောက်ပိုင်းက ပိုက်ဆံ ပုံသေလို သတ်မှတ်တောင်းတယ်။ မပေးရင် အကြောင်းတခုခုပြပြီး ဖမ်းတယ်ပေါ့ဗျာ

ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောပြသည်။

သိမ်းဆည်းခံရသည့် ကားအချို့ကိုလည်း လူကြီးလမ်းကြောင်းများတွင် အသုံးပြုသလို လူကြီးလမ်းကြောင်း မဟုတ်သည့် နေရာများတွင်လည်း အသုံးပြုမှုများရှိနေသည်ကို တွေ့ရကြောင်းလည်း သိရသည်။

W တန်ဖိုးကြီးကားတွေဆိုရင်လည်း တခုခုအကြောင်းပြပြီး ဖမ်းသိမ်းလိုက်တာတွေရှိတယ်။ အဲ့လို ဖမ်းတဲ့အခါ သူတို့လိုချင်တဲ့ငွေ အမောက်မရရင် အမှုဖွင့်လိုက်တော့တာပဲ။ တချို့ကားတွေဆိုရင် အမှုလည်းမဖွင့်ဘဲ စစ်တပ်က သိမ်းယူသွားတာတွေရှိတယ်။ တချို့ ဖမ်းဆီးသိမ်းဆည်းခံရတဲ့ ကားတွေဆိုရင် လူကြီးလမ်းကြောင်းတွေမှာ အသုံးပြုနေတာ တွေ့ရတယ်။ လမ်းကြောင်းမဟုတ်တဲ့ နေရာတွေမှာလည်း အသုံးပြုနေတာတွေ တွေ့ရတယ်။ အခုလို အချိန်က အထက်က သိသွားလို့ အောက်ကို ထုချေလွှာတောင်းလုပ်ရင်လည်း အောက်က မဟုတ်ပါဘူး ဘာညာငြင်းနေမှာ အထက်ကလည်း တင်ပြလာသမျှကို ယုံနေဦးမှာပဲ။ တကယ်က ကျွန်တော်တို့ ပြည်သူတွေခံနေရတာ ကျွန်တော်တို့ပဲ သိတယ်။

ဟု သိမ်းဆည်းပြီး အခြားနေရာတွင် အသုံးပြုနေသည်ကို တွေ့ခဲ့ရသူ တစ်ဦးက Tachileik News Agency သို့ နိုဝင်ဘာလ(၂၁)ရက်နေ့တွင် ပြောသည်။

တောင်ကြီး - တာချီလိတ်လမ်းကြောင်းပေါ်သို့ လာသည့် လိုင်စင်မဲ့ကားအရောင်းအဝယ် လုပ်ကိုင်သူများမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင်းအဝင် တာကော်တံတားမှ စ၍ ငွေကြေးပေးလာနေရပြီး မိုင်းပျဉ်းတွင် စစ်တပ်မှ မထင်ရင် မထင်သလို လုပ်ဆောင်မှုများက ပိုများလာနေပြီး လမ်းခုလတ်တွင် စစ်ဆေးသည့်အခါမျိုးတွင် စစ်ဆေးသည့် စစ်သားများမှာ အပြောင်းအလဲများရှိကြောင်းလည်း သိရသည်။