လောက်ကိုင်ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် ကျောက်မဲမြို့မှ အမျိုးသမီးငယ်တစ်ဦး အိပ်နေစဉ် ရုတ်တရက် သေဆုံး

လောက်ကိုင်ရှိ စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည့် ကျောက်မဲမြို့မှ အမျိုးသမီးငယ်တစ်ဦး အိပ်နေစဉ် ရုတ်တရက် သေဆုံး

 

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် အလုပ် လုပ်နေသည့် ကျောက်မဲမြို့နယ် နောင်ပြစ်ရွာမှ အမျိုးသမီးငယ်တစ်ဦး အိပ်နေစဉ် ရုတ်တရက် သေဆုံးသွားသည်ဟု သိရသည်။

 “လောက်ကိုင်ကို တက်သွားတာ။ (၁၅)ရက်ပဲ ရှိသေးတယ်။ လောက်ကိုင်ဘက် သွားကြည့်တော့ တိုက်ခန်းထဲမှာ နှစ်ခန်းရှိတယ်။ မိန်းက‌လေးတစ်‌ယောက် ယောကျာ်းလေးတစ်ယောက် တစ်ညထဲကို နှစ်ယောက်စလုံး ဆုံးသွားတာ။ ဘာကြောင့် ဆုံးလဲဆိုတာမေးတော့ ရဲတွေနဲ့သူတို့ရဲ့သူဌေး ပြောတာတော့ လေဝင်လေထွက်မရတော့ အသက်ရှုကြပ်ပြီး သေသွားတာလို့ ပြောတာပဲ” ဟု သေဆုံးသူ အမျိုးသမီးငယ်၏ ဦးလေးဖြစ်သူက ပြောပြသည်။

သေဆုံးသွားသည့် အမျိုးသမီးငယ်မှာ အသက်(၁၉)နှစ်အရွယ်ရှိ လွေးနွေဦး (၁၉ နှစ်)ဖြစ်ပြီး ၂၀၂၃ခုနှစ် မေလ(၄)ရက်နေ့ အကူးပိုင်း နံနက်(၁)နာရီဝန်းကျင်က သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။



“ခပ်များများက ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ လူတိုင်းပြောကြတယ်။ ကျွန်တော်လည်း မသင်္ကာပေမယ့် သူ့ရဲ့လည်ပင်းတွေ လက်မောင်းတွေမှာ ဘာဒဏ်ရာမှ မတွေ့ဘူး။ သူတို့ကလည်း ရင်ခွဲပေးတယ်။ နှလုံးတွေ အူတွေ ထုတ်ကြည့်တော့ ဘာမှမတွေ့ရဘူး။ သူသေတာ ညသန်းခေါင် (၁)နာရီဝန်းကျင်မှာ သေတာ။ သူတို့က နေ့ခင်း (၁၂)နာရီမှ သူတို့နေတဲ့ တိုက်ခန်းက ဆိုင်တံခါးကိုဖွင့်တာ။ သူတို့တံခါးကလည်း နှစ်ဖက်လှန်တံခါး မဟုတ်ဘူး။ လိပ်တံခါး ဖြစ်နေတယ်။ အပေါ်ကနေ အောက်ဆွဲတဲ့တံခါး ဖြစ်နေတယ်” ဟု ဦးလေးဖြစ်သူက ဆက်လက်ပြောပြသည်။ 

လေဝင်လေထွက်မရှိဘဲ အသက်ရှူကြပ်၍ သေဆုံးသည်မှာ မဖြစ်နိုင်ပေမယ့် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘဲ သေဆုံးသူ အမျိုးသမီးငယ်အတွက် သူဌေးဖြစ်သူက ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးစရိတ်၊ မီးသဂြိုလ်စရိတ်အတွက် ငွေကျပ် သိန်း (၂၀)ပေးခဲ့သည်ဟု မိသားစုဝင်က ပြောသည်။