ကျောက်မဲမြို့နယ်အတွင်းရှိ တောင်ယာ စိုက်ခင်းတစ်ခုအတွင်း မျက်နှာပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

ကျောက်မဲမြို့နယ်အတွင်းရှိ တောင်ယာ စိုက်ခင်းတစ်ခုအတွင်း မျက်နှာပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ကျောက်မဲကြီးကျေးရွာအုပ်စု၊ ပါပုတ်ကျေးရွာအနီးရှိ တောင်ယာ စိုက်ခင်းတစ်ခုအတွင်း အသက်(၄၀)ဝန်းကျင်ရှိ အမည်မသိ အမျိုးသားတစ်ဦး မျက်နှာ ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည့် အတွက် လူသတ်မှုဖြင့် ကျောက်မဲမြို့မ ရဲစခန်းတွင် အမှုဖွင့် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

၂၀၁၈ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့ နေ့လည် (၁၂)နာရီခွဲဝန်းကျင်အချိန်က ကျောက်မဲကြီး ကျေးရွာအုပ်စု၊ ပါပုတ်ကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးက ကျေးရွာအနီးတောင်ယာခင်းတစ်ခုတွင် အလောင်း တစ်လောင်း တွေ့ရှိကြောင်း ရွာသူကြီးအား အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာများမှ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် အနောက်မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အနေအထားဖြင့် မျက်နှာပွင့်ထွက်ဒဏ်ရာရရှိကာ သေဆုံးနေသည့် အသက်(၄၀)ဝန်းကျင်ခန့်ရှိနပြေီး မည်သူဆိုသည်ကို မသိရသည့် အမျိုးသား အလောင်းအား တွေ့ရှိရခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် ( ပ )၄၄၆/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး စုံစမ်းမှုများ ပြုလုပ်နေလျက် ရှိကြောင်း သိရသည်။

 ကျောက်မဲမြို့နယ်တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့ကလည်း ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကို ကျောင်းဝန်းအတွင်း၌ အမည်မသိအမျိုးသား (၂)ဦးက သေနတ်ဖြင့် (၇)ချက် ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်းတွင် နေအိမ်များ၊ ဈေးဆိုင်များ အတွင်းသို့ သေနတ်သမားများ ဝင်ရောက်ပစ်ခတ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရှိရသည်။

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...