ကျောက်မဲမှ စစ်ရှောင်အမျိုးသားတစ်ဦး၏ လက်ဖက်ခူးရင်း တောဝက်ကိုက်ခံရ၍ ဒဏ်ရာပြင်းထန်

Photo: ကျောက်မဲမြို့နယ်ကြက်ခြေနီ
Photo: ကျောက်မဲမြို့နယ်ကြက်ခြေနီ
ကျောက်မဲမှ စစ်ရှောင်အမျိုးသားတစ်ဦး၏ လက်ဖက်ခူးရင်း တောဝက်ကိုက်ခံရ၍ ဒဏ်ရာပြင်းထန်

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်း မိုင်းငေါမြို့  ခုံငင်းကျေးရွာအုပ်စု နားလွေးရွာ၌ လက်ဖက်လာခူးသူ  အမျိုးသားတစ်ဦး တောဝက် ကိုက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

အသက်(၄၈)အရွယ် စိုင်းဆန်အွန်ဆိုသူသည် ၂၀၂၃ခုနှစ် မေလ(၆)ရက်နေ့၏ နံနက်(၁၁)နာရီဝန်းကျင်က လက်ဖက်သွားခူးရင်း တောဝက် ကိုက်ခံရပြီး ပါး၊ ညာဘက်လက်မောင်း၊ ရင်ဘတ်၊ ဗိုက်၊ ညာဘက်ခါး၊ တင်ပါးနှင့် ကျောကုန်း၌  ပေါက်ပြဲဒဏ်ရာများ ပြင်းဒဏ်စွာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ကျောက်မဲမြို့နယ် ပုံလုံးကျေးရွာအုပ်စု နမ့်မန်းစစ်ရှောင်စခန်းကဖြစ်ပြီး နားလွေးရွာဘက် လက်ဖက်ခူးရန် မိသားစုနှင့်အတူ လာရောက်သူဖြစ်သည်ဟု သိရသည်။

"သူ့တို့ရွာ (နမ့်မန်းစစ်ရှောင်စခန်း)မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ ကျန်တဲ့လူတွေက ကျောက်မဲမြို့ထဲမှာ အိမ်ငှားနေကြတာ။ သူကတော့ အိမ်ငှားနေဖို့ အဆင်မပြေတော့ သူ့မိန်းမနဲ့သမီးကိုခေါ်ပြီး တောင်ပေါ်မှာ လက်ဖက် သွားခူးတာ။ အခုလည်း သူ့မိန်းမက ကိုယ်ဝန်ဆောင်ထားတာ။ ဒီလ မွေးမယ်လို့ပြောတယ်"ဟု သွားရောက် ကူညီပေးခဲ့သည့် ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြု အဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သည့်  စိုင်းဆန်အွန်အား ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ဆိုသည်။

လွန်ခဲ့သည့် (၁၀)နှစ်ဝန်းကျင်ကလည်း  နားလွေးရွာတစ်ဝိုက်၌ အမျိုးသားတစ်ဦး တောဝက် ကိုက်ခံရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။