မူဆယ်မြို့တွင် ဓါးထောက် လုယက်သူတစ်ဦးကို သေနတ်ဖြင့် ခြောက်လန့်ပစ်ဖောက် ဖမ်းဆီး

မူဆယ်မြို့တွင် ဓါးထောက် လုယက်သူတစ်ဦးကို သေနတ်ဖြင့် ခြောက်လန့်ပစ်ဖောက် ဖမ်းဆီး

 တရုတ် - မြန်မာ နယ်စပ်ဒေသ၊ မူဆယ်မြို့တွင်း ရင့်ချိန်ဟိုတယ်အနီး ဓါးထောက်လုယက်နေသည့် အမျိုးသားတစ်ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ဖောက် ခြောက်လန့်ပြီး ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

"ပစ်တာတော့ သူ့ကိုပစ်တာ မဟုတ်ဘူး။ ခြောက်လန့်အောင် လုပ်ပြီး ဖမ်းလိုက်တယ်။ သူကိုတော့ မမှန်ဘူး။ သူက ဓားကိုင်ပြီးတော့ လုနေတာလို့ ပြောတယ်"ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောပြသည်။

အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့၏ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ခြောက်လန့် ပစ်ခတ်ပြီးနောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"မူဆယ်က လက်နက်ကိုင်ပေါင်းစုံ ပေါများတဲ့  ဒေသဖြစ်တယ်။ ခိုးမှု၊ လုယှက်မှုတွေလည်း မကြာခဏ ဖြစ်နေတယ်။ ဥပဒေကကလည်း ဘာမှမကာကွယ်ပေးနိုင်ဘူး။ လုံခြုံမှုလည်း လုံးဝမရှိတော့ဘူး"ဟု ဒေသခံ တစ်ဦးကဆိုသည်။

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတို့တွင် ခိုးဆိုးလုယက်မှု နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေသလို ပြန်ပေးဆွဲမှုများလည်း မကြာခဏဖြစ်လေ့ရှိသော်လည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခြင်းနှင့် ပြည်သူအပေါ် အကာအကွယ်ပေးခြင်းများ မရှိဖြစ်နေသည်။