မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်ခံရသူ (၃,၀၀၀) ကျော်ရှိလာပြီး သေဆုံးသူလည်း (၁၀)ဦးအထိရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်ခံရသူ (၃,၀၀၀) ကျော်ရှိလာပြီး သေဆုံးသူလည်း (၁၀)ဦးအထိရှိလာ
ဇန်နဝါရီ 18, 2021 | Covid-19| အခြားဒေသများ

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်ကူးစက်ခံရသူ (၃,၀၀၀) ကျော်အထိရှိလာသည့်အပြင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မကွေးသင်ကြားရေးဆေးရုံ၌ ကုသမှုခံယူနေသည့် ကိုဗစ်လူနာ (၁) ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း (၁၀) ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဒီနေ့ သေဆုံးသွားတဲ့လူနာက မကွေးသင်ကြားရေးဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ ဆိပ်ဖြူ မြို့နယ်က အသက် (၆၁) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ်ပျက်စီးပြီး သေဆုံးရတာပါ

ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (၁၈) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်ထိ ဆေးရုံအသီးသီး၌ ဆေးကုသမှုခံယူလျှက်ရှိသူ စုစုပေါင်း (၂၂၆၉) ဦးရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း (၃၀၀၉) ဦးအထိရှိလာကြောင်း သိရသည်။

ယင်းတို့အနက် ကိုဗစ်ရောဂါရှိသူနှင့်ထိတွေ့၍ ကူးစက်ခံရသူနှင့် အနံ့ပျောက် လက္ခဏာရှိသူ အများအပြားပါဝင်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဖီးနစ်

ဓာတ်ပုံ - Si Phyo Thu

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...