ခွဲထွက်ရန်အစီအစဉ်မရှိသေးသော်လည်း အတူတူနေ၍ ရ၊ မရဆိုသည်နှင့် အချိုးကျဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခပြော

ခွဲထွက်ရန်အစီအစဉ်မရှိသေးသော်လည်း အတူတူနေ၍ ရ၊ မရဆိုသည်နှင့် အချိုးကျဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခပြော

ရခိုင်ဒေသကိုခွဲထွက်ရန် လက်ရှိအချိန်ထိမရှိသေးသော်လည်း အတူတူနေ၍ ရ၊ မရဆိုသည်နှင့်သာ တိုက်ရိုက်အချိုးကျကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့တွင် ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ရက္ခိုင့်တပ်တော်အနေဖြင့် နိုင်ငံရေးရေးရည်မှန်းချက်ကို မည်သူ့ထံကမှ တောင်းယူနေမည်မဟုတ်ဘဲ ကိုယ်တိုင် အာမခံချက်ရှိအောင် ဆက်လက်လုပ်ဆောင်သွားရန်ဖြစ်ပြီး သီးခြားနိုင်ငံဆိုသည်မှာ အတူတူပေါင်းနေရန်မရသည့် အခြေအနေတွင် သူ့ဘာသာဖြစ်လာမည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။

“ဆိုတော့ အဲဒါကြောင့် သီးခြားခွဲထွက်ရေး၊ မခွဲထွက်ရေးဆိုတာကတော့ အတူတူနေလို့ ရ၊ မရဆိုတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။”ဟု ခိုင်သုခကပြောသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်နယ်အား ကွန်ဖက်ဒရေးရှင်းအဆင့်ထက်မနှိမ့်သည့် ဒေသတစ်ခုဖြစ်လာရန် ရည်မှန်းထားပြီး လက်ရှိတွင် ခွဲထွက်ရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့ဆိုလိုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အာမခံချက်ဆိုတာက သူများဆီကပေးလာတဲ့ အာမခံချက်ထက်၊ ကိုယ့်ဟာကိုယ် အကောင်းဆုံး ပြင်ဆင်ထားတဲ့ အာမခံချက်ကို ကျွန်တော်တို့က ပိုပြီးသဘောကျပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ထို့အပြင် ခွဲမထွက်ရေးပြောဆိုကာ တဖက်တွင်လူမျိုးတုံးသတ်ဖြတ်ရန်အတွက် ကြွေးကြော်နေခြင်း၊ လူမျိုး‌ရေးပဋိပက္ခဖြစ်အောင် အမုန်းတရားများ လှုံ့ဆော်နေခြင်းများကြောင့်လည်း အတူတူနေရန် ဖြစ်ပါ့မလားဟု  စဉ်းစားစရာများ ရှိလာသည်ဟု ဆက်ပြောသည်။ 

“အခုလည်းကြည့်ပါ ကျွန်တော်တို့ကို မြို့တွေ၊ ရွာတွေ တစ်ခုမကျန် ပြာကျအောင် မီးတိုက်နေတယ်။ စစ်ဘက်နဲ့ တစ်ခုမှမဆိုင် စစ်ပွဲဖြစ်နေတာတွေမဟုတ်။ ဗုံးကြဲ၊ စာသင်ကျောင်းတွေကို မီးတိုက်၊ ဆေးရုံတွေကို ဖြိုဖျက်တာတွေ လုပ်နေတယ်။ ဆိုတော့ စဉ်းစားစရာတွေရှိပါတယ်။ အခုနောက်ဆုံးအခြေအနေကိုကြည့်ပါ စစ်မှုထမ်းဥပဒေကြောင့် ကျွန်တော်တို့ရဲ့ အနာဂါတ်လူငယ်တွေ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်ကြား တစ်ယောက်မှလည်း အိမ်မှာနေလို့မရဘူး။ သူ့ရဲ့မိသားစုဆွေမျိုးတွေ တစ်ယောက်လည်း အိမ်မှာနေလို့မရဘူး။ ဘာလို့လည်းဆို သားမရ၊ အမေကိုဖမ်းဖို့လေ။ အရေးယူဖို့ဆိုတော့ လူ့အဖွဲ့အစည်းကို အောက်ခြေသိမ်း ဖြိုဖျက်နေတာဖြစ်တယ်။ ဒီလို လူ့အဖွဲ့ အစည်းကို အောက်ခြေသိမ်း ဖြိုဖျက်နေတဲ့ လူတွေနဲ့ အတူတူတွဲနေလို့ ဖြစ်လို့လားဆိုတဲ့ စိုးရိမ်ချက်တွေက အများကြီးဖြစ်နေပါတယ်။”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း (၂၁၅)ခုနှင့် မြို့(၆)မြို့ကို ရက္ခိုင့်တပ်တော်က အလုံးစုံ သိမ်းပိုက်ထားပြီဖြစ်ကာ နောက်ထပ်မြို့နယ်အများစုတွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

#TachileikNewsAgency