ရွှေပြည်အေးမြို့ကို လာတိုက်သည့် စစ်ကောင်စီတပ်ထံမှ လက်နက် ခဲယမ်းများ PDF က သိမ်းဆည်းရရှိ 

ရွှေပြည်အေးမြို့ကို လာတိုက်သည့် စစ်ကောင်စီတပ်ထံမှ လက်နက် ခဲယမ်းများ PDF က သိမ်းဆည်းရရှိ 
ဖေဖော်ဝါရီ 3, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းပါဝင်သည့် ရွှေပြည်အေးမြို့ကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်းနှင့်လက်နက်များ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သိမ်းပိုက်ထားသော ဟုမ္မလင်းမြို့နယ်၊  ရွှေပြည်အေးမြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာရာ ယနေ့တွင် စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာ ထွက်ပြေးသွားသဖြင့် PDF က မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။

အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင်တပ်ရင်းများ၊ ပကဖ များက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာရာလမ်းကြောင်းများကို ပိတ်ဆို့ တိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။

ထို့နောက် ရွှေပြည်အေးမြို့အတွင်း ရှင်းလင်းရာ စစ်ကောင်စီတပ် သား အလောင်း (၇)လောင်း၊ လက်နက်(၃)လက်နှင့် ခဲယမ်းမီး ကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။