ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က နာရေးပြုလုပ်နေသည့်အိမ်ကို ဝင်ပြီး အမျိုးသား (၈)ဦးကို ဖမ်းဆီးသွား

ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က နာရေးပြုလုပ်နေသည့်အိမ်ကို ဝင်ပြီး အမျိုးသား (၈)ဦးကို ဖမ်းဆီးသွား
မေ 20, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ မားနာပလော့ရပ်ကွက်တွင်  နာရေးပြုလုပ်နေသော နေအိမ်၌ ကူညီလုပ်​ဆောင်ပေးနေသည့် သူများထဲမှ  အမျိုးသား(၈)ဦးကို အမေးမြန်းမရှိဘဲ အာဏာသိမ်း အဖွဲ့၏ လက်နက်ကိုင်များမှ မေလ (၂၀)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်က ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရသည်။ 

အသုဘ ပို့ပြီးပြန်လာတဲ့ချိန်ပေါ့ ။ အသုဘအိမ်မှာ ဝင်ဖမ်းတာ။ သဂြိုလ်ပြီးပြန်လာတာနဲ့ ဝင်ဖမ်းတာ။ ဒါ အသုဘအိမ်ပါ အသုဘပွဲ ကူလုပ်နေကြတာလို့ပြောလဲမရဘူး။ အသုဘပွဲလဲ နားမလည်ဘူး လို့ပြောပြီး ဝင်ဖမ်းသွားတယ်။ ဘာကြောင့် ဆိုတာပြောမသွားဘူး

ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက​ တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။ 

ဖမ်းဆီးခံရသူများမှာ ဦးသန့်မာယာနို ၊ ဦးဖိလိ ၊ဦးဂျိုးဇက် ၊ ဦးမော်ဒို ၊အောင်သူထွေး၊အောင်မျိုးသိန်း ၊ ပါစကွာလယ် နှင့် ပက်ထရစ်ပိန်း တို့ (၈)ဦးဖြစ်ပြီး ၎င်းတို့ကို အချုပ်ကားဖြင့် ခေါ်ဆောင်သွားသော်လည်း မည်သည့်နေရာ ခေါ်ဆောင်သွားသည်ကို​တော့ မသိရသေးကြောင်း ဒေသခံများထံမှသိရသည်။

ဒီးမော့ဆိုမြို့နယ် အတွင်း မေလ (၂၀)ရက်နေ့ မနက်ပိုင်းမှစ၍ ရပ်ကွက်ကျေးရွာအချို့၏ ပြည်သူ့လုံခြုံရေး အတားအဆီးများကို အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ ဖြိုဖျက်ခဲ့ပြီး သေနတ်ပစ်ဖောက်မှုများ လည်း လုပ်​ဆောင်ခဲ့ကြောင်းသိရသည်။