စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံတပ်များက ရွှေကူမြို့နယ်အတွင်းမှ အိမ်ခြေ ၉၀၀ ကျော်ကို မီးရှို့

စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံတပ်များက ရွှေကူမြို့နယ်အတွင်းမှ အိမ်ခြေ ၉၀၀ ကျော်ကို မီးရှို့
By Tachileik News Agency

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းကို (၁၉)ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီ၏ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များက ကျေးရွာများမှ အိမ်ခြေ (၉၀၀) ကျော်ကို မီးရှို့သွားခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်မ(၈၈)လက်အောက်ခံတပ်များသည် ရွှေကူမြို့နယ်အတွင်း ကျေးရွာ (၁၂)ရွာကို ခြေလျင်စစ်ကြောင်းထိုးရာတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ နေအိမ်များအား မီးရှို့သည့်အပြင်  လေကြောင်းတိုက်ခိုက်မှုများပါ လုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးမီးရှို့သွားသည့် ကျေးရွာများမှ ဆုံးရှုံးရသည့်အိမ်ခြေစာရင်းများကို People Denfense Force - ShweGu က ၂၀၂၃ ခုနှစ် ဧပြီလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က မံဝိန်းကျေးရွာမှ နေအိမ် (၁၂၉) လုံး၊ စီသာကျေးရွာတွင် နေအိမ် (၁၀၀)လုံး၊ မံနားကျေးရွာတွင် နေအိမ် ( ၄၇) လုံး၊ တုံးကောက် ကျေးရွာတွင် နေအိမ် (၄၇) လုံး၊ စီသောင်ကျေးရွာတွင် နေအိမ် ( ၂၁၁) လုံး၊ မံခါးကျေးရွာတွင် နေအိမ် ( ၃၅) လုံး၊ စီမော်ကျေးရွာတွင် နေအိမ် (၁၁၁) လုံး၊ ဟိန်ကောင် ကျေးရွာတွင် နေအိမ် ( ၂၇) လုံး၊ စီမူကြီးကျေးရွာတွင် နေအိမ် (၂၈) လုံး၊ စီမူလေးကျေးရွာတွင် နေအိမ်အလုံး (၆၀)၊ နတ်လန်ကျေးရွာတွင် နေအိမ် (၁၃၀)နှင့် နောက်လက်ကြီးကျေးရွာတွင် နေအိမ် (၃၇)လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်များက ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် နေအိမ်နံရံများတွင် တော်လှန်ရေးအဖွဲ့များအား ဆဲဆိုသည့်စာများကိုလည်း ရေးခဲ့ကြသည်ကို တွေ့ရသည်။