မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာကို ဝင်စီးပြီးနောက် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိ

မိုင်းဆတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာကို ဝင်စီးပြီးနောက် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိ

 ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ မိုင်းဆတ်မြို့နယ် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ် နှင့် မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၂၃ခုနှစ် ဧပြီလ(၇)ရက်နေ့က မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စုအတွင်း နမ့်ခမ်း(၁) အပေါ်ကျေးရွာနှင့် (၄)မိုင်ဝန်းကျင် ကွာဝေးတွင် တောကြီးလျှိုအတွင်းမှ ဘိန်းဖြူချက်လုပ်သည့် နေရာကို ဝင်ရောက်စီးနင်းရာ မိုးကာတဲ(၄)လုံးအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိမ်းဆည်းပြီး (၆)ရက်အကြာဖြစ်သည့် ဧပြီလ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။

မိုးကာတဲ(၄)လုံးအတွင်းမှ သိမ်းဆည်းရရှိသည့် ပစ္စည်းများမှာ ဘိန်းဖျော်ရည် (၆၀)လီတာ၊ ထိန်းချုပ်ဓာတုပစ္စည်း အီသိုင်း အီသာ (၈၀)လီတာတို့ကို သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဘိန်းဖြူချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်သော Benzene (၆၀)လီတာ၊ ဆိုဒီယမ်ကာဗွန်နိတ် (၃)ကီလို၊ ဆိုဒီယမ်နိုက်ထရိတ် (၄)ကီလို၊ ပိုတက်ဆီယမ် (၁၅)ကီလို နှင့် အခြား ဆက်စပ်ပစ္စည်းများစွာတို့ကို သိမ်းဆည်းရရှိခြင်း ဖြစ်ကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိသည့် အဆိုပါ ပစ္စည်းများနှင့် ပတ်သက်ပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ဖမ်းမမိသေးသည့် တရားခံများကို ရှာဖွေနေသည်ဟုလည်း ဆိုထားသည်။