အမျိုး၊ ဘာသာ၊ သာသနာဟု ကြွေးကြော်နေသည့် အာဏာသိမ်းစစ်အုပ်စုက ကနီမြို့နယ်ရှိ ရွာ (၃)ရွာတွင်  ဓမ္မာရုံပါမချန် မီးရှို့ဖျက်ဆီး

အမျိုး၊ ဘာသာ၊ သာသနာဟု ကြွေးကြော်နေသည့် အာဏာသိမ်းစစ်အုပ်စုက ကနီမြို့နယ်ရှိ ရွာ (၃)ရွာတွင်  ဓမ္မာရုံပါမချန် မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းတလျှောက်ကို ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့က စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်အုပ်စုက သပြေတော၊ အုန်းပင်ဆိပ်နှင့် နတ်လာပို့ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးမှုကြောင့် သပြေတောကျေးရွာမှ (၃၂)အိမ်၊ အုန်းပင်ဆိပ်ကျေးရွာမှ (၂၅)အိမ်နှင် နတ်လာပို့ကျေးရွာ (၇၉)အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မီးရှို့ဖျက်စီးရာတွင် အုန်းပင်ဆိပ်ကျေးရွာမှ သာသနာပိုင် အဆောက်အဦးဖြစ်သော ဓမ္မပါလဓမ္မာရုံနှင့် သပြေတောကျေးရွာမှ ရွှေပါရမီ အမည်ရှိ ကျေးရွာစာကြည့်တိုက်ကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။

၎င်းစစ်အုပ်စုသည် ဖေဖော်ဝါရီလ (၈)ရက်နေ့က ကနီမြို့နယ်၊ ညောင်သူများကျေးရွာမှ ဒေသခံ(၃)ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ကနီမြို့နယ်နှင့်ယင်းမာပင်မြို့နယ်တို့တွင် လှည့်လည် အကြမ်းဖက်နေသော စစ်အုပ်စုထဲတွင် အရံမီးသတ်တပ်သားများကိုပါ အသုံးပြုနေကြောင်း စုံစမ်းသိရှိရပြီး ယခုအခါ ၎င်းစစ်အုပ်စုသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်ရောက်နေကြောင်း သိရပါသည်။

စစ်အုပ်စု၏ တစ်လအကြာ စစ်ကြောင်းထိုးမှုတွင် ကနီမြို့နယ်မှ ကျေးရွာ(၁၇)ရွာနှင့် ယင်းမာပင်မြို့နယ်မှ ကျေးရွာ (၈)ရွာစစ်ဘေးရှောင်ခဲ့ရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ(၁၁)ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်ခွာလာသည့် စစ်ကား(၂)စီးသည် မုံရွာ - ယာကြီး - ကလေးဝ လမ်းအတိုင်း ယင်းမာပင်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

 

Photo: ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး