ဟားခါးတွင် ကြံ့ဖွံ့ပါတီရုံး နှင့် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းလိုက်ကြောင်း CDF ကြေညာ

ဟားခါးတွင် ကြံ့ဖွံ့ပါတီရုံး နှင့် ပိုင်ဆိုင်မှုများကို ပြည်သူပိုင်အဖြစ် သိမ်းလိုက်ကြောင်း CDF ကြေညာ

 ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ကြံ့ဖွံ့ပါတီ၏ ရုံးနှင့်အခြားသော ပိုင်ဆိုင်မှု အားလုံးကို ယနေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့တွင် စတင်ပြီး ပြည်သူပိုင်အဖြစ်သိမ်းလိုက်ကြောင်း CDF-Hakha Council က ကြေညာလိုက်သည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)သည် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ကာ အာဏာရူးရွေးကောက် ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ယခုလိုသိမ်းဆည်းလိုက်ခြင်းဖြစ်‌သည်ဟု ဆိုထားသည်။ 



ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား CDF-Hakha Council က ၎င်းရုံးကို လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဧပြီလ (၁၁)ရက်ကလည်း အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီများကို မတရားအသင်းအဖြစ် သတ်မှတ်ကြောင်း CDF-Hakha Council က ကြေညာချက်ထုတ်ပြန် သေးသည်။

တိုင်းပြည်နှင့် လူမျိုးအကျိုးထက် ပါတီရှင်သန်နိုင်ရေးအတွက်သာ ရှေးရှုကာ အကြမ်းဖက်စစ်အာဏာရှင် သက်ဆိုးရှည်နိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီထံ မှတ်ပုံတင်ထားသောပါတီများကို မတရားအသင်းများအဖြစ် ကြေညာသည်ဟု ဆိုသည်။

ယင်းပါတီများနှင့် အာဏာရှင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအပေါ် လိုအပ်သော အရေးယူမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်ဖြစ်လာမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံတင်သည့်ပါတီ (၆၃)ပါတီရှိနေပြီး တော်လှန်ရေး အဖွဲ့များကလည်း အဆိုပါ ရွေးကောက်ပွဲကို ကန့်ကွက်ကြရန် လှုံ့ဆော်မှုရှိနေသည်။ 

စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံတင်သည့် ပါတီများအနက် ချင်းပြည်နယ်အခြေစိုက် ပါတီတချို့လည်းပါဝင် လာပြီး ယင်းပါတီများမှာ နာဂအမျိုးသားပါတီ၊ ဇီုမီးဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီတို့ ပါဝင်နေသည်။