ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာမည်ဟု WHO ခန့်မှန်းထား

ကမ္ဘာတဝန်း မျောက်ကျောက်ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာမည်ဟု WHO ခန့်မှန်းထား
By Mr John

 ကမ္ဘာ့တဝန်းတွင် မျောက်ကျောက်ရောဂါ (monkeypox) ဖြစ်ပွားမှုများ ပိုမိုများပြားလာမည်ဟု မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။ 

WHO က ပုံမှန်အားဖြင့် ရောဂါကူးစက်မှု မတွေ့ရသည့် နိုင်ငံများတွင်လည်း စောင့်ကြည့်မှုများ တိုးချဲ့ဆောင်ရွက်နေပြီဖြစ်ရာ ကူးစက်မှုများ ပိုမိုတွေ့ရှိလာရနိုင်သည်ဟု ဆိုသည်။

မေလ (၂၂) ရက်နေ့ ညပိုင်းအထိ စာရင်းများအရ WHO အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာ (၁၀၈) ဦးနှင့် သံသယလူနာ (၉၁) ဦး တွေ့ရှိထားကြောင်း သိရသည်။ 

လာမည့်ရက်များအတွင်း နိုင်ငံများအတွက် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို မည်သို့လျှော့ချရန် နောက်ထပ် လမ်းညွှန်အကြံပြုချက်များ ထုတ်ပြန်သွားမည်ဟု WHO က ဆိုသည်။

"ရရှိထားသော သတင်းအချက်အလက်များအရ ရောဂါလက္ခဏာရှိသည့် ကူးစက်ခံထားရသူများနှင့် ခန္ဓာကိုယ်ချင်း ထိတွေ့မှုရှိသူများကြား လူတစ်ဦးမှ လူတစ်ဦးသို့ ကူးစက်မှုဖြစ်ပွားနေကြောင်း" WHO က ပြောသည်။ 

မျောက်ကျောက်ရောဂါမှာ ကူးစက်ရောဂါဖြစ်ပြီး ပုံမှန်အားဖြင့် ပြင်းထန်မှုမရှိကြောင်းနှင့် အာဖရိ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် အစုအပြုံလိုက် ဖြစ်ပွားမှုတွေ့ရသည်။

ထိုရောဂါမှာ အနီးကပ်ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပြီး သီးခြားခွဲနေထိုင်ခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ဖြင့် အလွယ်အတူ ထိန်းချုပ်နိုင်ကြောင်း သိရသည်။ 

ယခုအခါ မျောက်ကျောက်ရောဂါကူးစက်မှုကို လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်သည့်ပုံစံဖြင့် တွေ့ရှိရပြီး ထိုအခြေအနေက ကမ္ဘာတဝန်း ကူးစက်ဖြစ်ပွားမှု မြင့်တက်လာစေကြောင်း WHO ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ David Haymann က Reuters သတင်းဌာနကို ပြောသည်။

အာဖရိကတိုက်ပြင်ပတွင် မေလအစောပိုင်းမှစပြီး တွေ့ရှိလာရသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများကို လက်ရှိအချိန်အထိ ဗြိတန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန် နိုင်ငံတို့တွင် တွေ့ရှိထားသည်။ 

ပထမဆုံး ဖြစ်ပွားမှုကို လန်ဒန်မြို့တွင် တွေ့ရှိခဲ့ရပြီး နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သည့် ဗြိတိသျှတစ်ဦးဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ဗြိတိန်တွင် မျောက်ကျောက်ရောဂါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိရကြောင်း အတည်ပြုထားသည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ 

အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် လတ်တလော နှစ်များအတွင်း လူဦးရေ ထောင်နှင့်ချီ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ဥရောနှင့် မြောက်အမေရိက အပါအဝင် အာဖရိပြင်ပနေရာများတွင်မူ ကူးစက်ဖြစ်ပွားမှု ရှားပါးသည်။

ထိုရောဂါမှာ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းကဲ့သို့ တုပ်ကွေးလက္ခဏာများဖြင့် အစပြုပြီးနောက်နှင့် အဖုများထွက်လာတတ်သည်။ 

ထို့နောက် မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာကြောင်း သိရသည်။ 

ရောဂါကူးစက်ဖြစ်ပွားသူတွေအနက် အများစုမှာ ရက်သတ္တပတ်များအတွင်း ပြန်ကောင်းလာကြပြီး ရှားပါးသည့် ကူးစက်မှုများတွင်သာ သေဆုံးမှုရှိကြောင်း သိရသည်။

Source: Reuters