မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၅)ခုကို KIA ထိုးစစ်ဆင်နေပြီး စခန်း(၃)ခုကို သိမ်းပိုက်ရရှိထား

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၅)ခုကို KIA ထိုးစစ်ဆင်နေပြီး စခန်း(၃)ခုကို သိမ်းပိုက်ရရှိထား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၅)ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်နေရာ စခန်း(၃)ခုကို သိမ်းဆည်းရရှိပြီဖြစ်ကြောင်း KIA နှင့် နီးစပ်သူများထံမှ သိရသည်။

မိုးမောက်မြို့ရှိ စစ်ကောင်စီတပ်၏ မန်ဒါ၊ မင်ဆန်ဂန်၊ ဘွမ်ဂဘော်၊ အူခရမ်နှင့် ဘော်ဂွမ် တပ်စခန်းတို့ဖြစ်ကြပြီး မန်ဒါ၊ မင်ဆန်ဂန်၊ ဘွမ်ဂဘော်တပ်စခန်း တို့ကိုမူ သိမ်းပိုက်ရရှိကာ ကျန်တပ်စခန်း(၂)ခုကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းများသည် ၂၀၁၁ ခုနှစ် ကချင်တကြော့ပြန်စစ်ပွဲတွင် စစ်တပ်ဘက်က တပ်စွဲထားသည့် စခန်းများဖြစ်သည်ဟု သိရသည်။

စခန်းများ သိမ်းပိုက်ခံရခြင်းကြောင့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေပြီး အသေးစိတ်အချက်အလက်ကိုမူ မသိရသေးပါ။

ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့ကလည်း မိုးမောက်မြို့နယ် နွမ်လန်း၊ ကုန်းလောဘက်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူး ပေါင်းတပ်များက သိမ်းပိုက်ထားသည်။

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းကစတင်၍ မြို့သစ်၊ ကုန်းလော၊ ဒါဆိုင်း၊ ပန်ချိုးဟိုင်၊ စီဟဲ့၊ နွမ်လန်းစတဲ့ကျေးရွာများမှ ဒေသခံများ ကြိုတင်တိမ်းရှောင်နေခြင်းဖြစ်သည်။

လက်ရှိ တိုက်ခိုက်သိမ်းပိုက်ထားသည့် တပ်စခန်းအမည်များသည် ကချင်ဘာသာစကားအသံထွက်ကို ဗမာပြန်ဆိုထားခြင်းကြောင့် အမည်များ  အနည်းငယ်လွှဲမှားနိုင်ပါသည်။