တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တွေမြို့ရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ စစ်ကောင်စီတပ်၏ ရေတပ်က လေနက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၁၂)ဦးသေဆုံးပြီး (၈၀)ကျော် ဒဏ်ရာရ

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်တွေမြို့ရှိ ကိုရီးယားဆိပ်ကမ်းဈေးအတွင်းသို့ စစ်ကောင်စီတပ်၏ ရေတပ်က လေနက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား(၁၂)ဦးသေဆုံးပြီး (၈၀)ကျော် ဒဏ်ရာရ
ဖေဖော်ဝါရီ 29, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ် စစ်တွေမြို့၊ မိဇံရပ်ကွက်ရှိ ကိုရီးယားဆိပ်ကမ်း ဈေးအတွင်းသို့ စစ်ကောင်စီ၏ ရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျကာ အရပ်သား (၁၂)ဦး သေဆုံးပြီး (၃၁)ဦး ဒဏ်ရာပြင်းထန်ကာ (၅၀)နီးပါး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်း ထုတ်ပြန်သည်။

ယနေ့  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ရေတပ်စစ်သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျကာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဈေးအတွင်း လူစည်ကားနေချိန်တွင် စစ်ကောင်စီတပ်က လူအစုလိုက် အပြုံလိုက်သေဆုံးစေရန် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း AA က ဆိုသည်။

ပြည်သူကို အဓိကပစ်မှတ်ထားသော စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွန်ကြားအမိန့်ပေးနေသော စစ်ကောင်စီအနေဖြင့် ယခုလုပ်ရပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ပြီး ရခိုင်ပြည်သူများအပေါ်  စစ်ရာဇဝတ်မှုကျူးလွန်နေမှုများတွင် ပါဝင်ပတ်သက်သူများအား စစ်ဆေးဖော်ထုတ်သွားမည်ဟု ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကာ ဆိုးရွားပြင်းထန်သော ရာဇဝတ်မှုကျူးလွန်နေခြင်းအား နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အိမ်နီးခြင်း နိုင်ငံမျအနေဖြင့်လည်း ဝိုင်းဝန်းတားဆီးပေးကြရန် AA က တိုက်တွန်းထားသည်။