မိုးဗြဲသို့ စစ်ကူလာသည့် အာဏာသိမ်းတပ်ကို ရှမ်း - ကယားနယ်စပ် ပီကင်းကောခူကျေးရွာတွင်  PDF က ကြားဖြတ်တိုက်

မိုးဗြဲသို့ စစ်ကူလာသည့် အာဏာသိမ်းတပ်ကို ရှမ်း - ကယားနယ်စပ် ပီကင်းကောခူကျေးရွာတွင်  PDF က ကြားဖြတ်တိုက်

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးဗြဲမြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲသို့ လွိုင်ကော်မြို့မှ စစ်ကူလာသော အဏာသိမ်းစစ်တပ်ကို ရှမ်း-ကယားနယ်စပ်ရှိ ပီကင်းကောခူကျေးရွာတွင် PDF တပ်ဖွဲ့များက ၂၀၂၁ ခုနှစ်၊ မေလ(၂၃) ရက်နေ့ နေ့လယ်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်နေကြောင်း သိရသည်။

ခု ရှမ်း-ကယား နယ်စပ်ဂိတ် ဝါရီကောခူနဲ့ ပီကင်းကောခူမှာပေါ့ အဲဒီမှာ တိုက်နေတယ်။ စစ်တပ်ဖက်က လက်နက်ကြီး လက်နင်ငယ်တွေနဲ့ အခု ဆက်တိုက်ပစ်နေတယ်။ ကျွန်တော်တို့ ပြည်သူဖက်က တစ်ယောက် မေးရိုးကို ကျည်ထိထားတယ်။ အခြေနေက စိုးရိမ်ရတယ်။ ကျန်တာကိုတော့ မပြောနိုင်သေးဘူး

ဟု အဆိုကျေးရွာရှိ တိုက်ပွဲဝင်နေသူ ဒေသခံက တာချီလိတ် သတင်းအေဂျင်စီ သို့ အတည်ပြုသည်။ 

လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတစ်လျှောက်တွင်ရှိသည့် ကုန်းသာကျေးရွာနှင့် ဝါရီကောခူကျေးရွာများမှ (PDF) တပ်ဖွဲ့များက လွိုင်ကော်မြို့ မှ စစ်ကူလာသည့် အာဏာသိမ်းလက်နက်ကိုင် အဖွဲ့များကို မိုးဗြဲသို့ မရောက်နိုင်ရန် ကြားဖြတ် ဖိအားပေးတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ရှမ်း-ကယားနယ်စပ်ဂိတ် ပီကင်းကောခူ ကျေးရွာတွင် တိုက်ပွဲ ဆက်ဖြစ်ပွားနေသည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ တွင် မေလ (၂၃) ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး မိုးဗြဲမြို့မရဲစခန်းကို PDF များက တိုက်ခိုက် ဖျက်ဆီးခဲ့ကာ မိုးဗြဲရေကာတာ တပ်ရင်း (၄၂၂)ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် သက်ကြီးရွယ်အို အဖွားတစ်ဦး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရထားသည်။