တီမောသံရုံးဝန်ထမ်းများကို စစ်ကောင်စီက ထွက်သွားခိုင်းဟု သတင်းများထွက်ပေါ်

တီမောသံရုံးဝန်ထမ်းများကို စစ်ကောင်စီက ထွက်သွားခိုင်းဟု သတင်းများထွက်ပေါ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နေသည့် တီမောနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံရုံးဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် အမိန့်ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အဆိုပါကိစ္စကို တီမောနိုင်ငံနှင့် ဆက်ဆံရေးဆောင်ရွက်မှုများရှိနေသည့် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသားထားပြီး တီမောသမ္မတက ၎င်းတို့ရပ်တည်ချက်ကို ဂုဏ်ယူကြောင်းပြန်လည်တုန့်ပြန်ထားသည်ဟုလည်း ရေးသားထားသည်။

တီမောသံဝန်ထမ်းများကို မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်ကို လက်ရှိအချိန်ထိ မတွေ့ရသေးပါ။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် တီမောလက်စတေးနိုင်ငံသမ္မတ ဟိုဆေးရားမို့စ်ဟော်တာ၏ ဖိတ်ကြားချက်အရ တီမောနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ (၁)ရက်နေ့က တက်ရောက်ခဲ့ပြီး တီမောလက်စတေးနိုင်ငံသမ္မတအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားကို ပေးအပ်ခဲ့သည်။ 

ထိုသို့တွေ့ဆုံပြီးနောက် ဇူလိုင်လ (၅)ရက်နေ့တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား နေပြည်တော်သို့ခေါ်ယူပြီး တီမောလက်စ်တေး ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက်အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲ့ဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ NUGဝန်ကြီးများ တက်ရောက်ခဲ့ခြင်းကို ကန့်ကွက်ကာ နောက်နောင်မပြုလုပ်ရန်ပြောဆိုခဲ့သည်။

သို့သော်လည်း တီမောနိုင်ငံ သမ္မတသည် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ဩဂုတ်လ (၂၃)ရက်နေ့တွင် ထပ်မံတွေ့ဆုံခဲ့ပြီး တရားမျှတမှုဖော်ဆောင်နိုင်ရေးလုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ၏ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ဖြစ်ပေါ်လာနိုင်ရေးအတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

#TachileikNewsAgency