ရေဦးတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရ

ရေဦးတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ခြမ်းကို ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း People's Defense Comradeထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းမှ ကောက်စိုက်နေသည့် အရပ်သား(၁၀)ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးလာခဲ့ပြီး ရေဦးနယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ကံပြား၊ မစိုးရိမ်၊ ခြုံရွာ၊ ကျီကုန်း၊ ချောင်းရိုး၊ ရှော်ဖြူ၊ တင်းတိန်ရံ၊ မြို့ကြီး၊ ပေါက်တော၊ ဇီးကုန်း၊ ကုန်းသာ၊ ရွာမိဿာ၊ မုတ်စီ၊ နှောကုန်း၊ ကုန်းတန်း၊ ကုန်းကြီးနှင့် ငြုတ္တုံစသည့် ကျေးရွာများမှ အရပ်သားများ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာကိုလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ရက်ရှည်တပ်စွဲထားပြီး ဩဂုတ်လ (၁၆)ရက်နေ့မှစကာ ယနေ့ (၂၁)ရက်နေ့အထိ (၆)ရက်ကြာ မီးရှို့ဖျက်ဆီးနေကာ အနီးဝန်းကျင်ရွာများကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo :ရေဦးမြို့နယ်ရှိ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည့် ဓာတ်ပုံ