အမေရိကန်ဒေါ်လာ (၂) သန်းနီးပါးဖြင့် ရောင်းချခဲ့သည့် ဖာရာရီကားဘော်ဒီ အပျက်အစီး

အမေရိကန်ဒေါ်လာ (၂) သန်းနီးပါးဖြင့် ရောင်းချခဲ့သည့် ဖာရာရီကားဘော်ဒီ အပျက်အစီး
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 သံချေးတက် တွန့်လိမ်ပိန်ချိုင့်ကာ စုတ်ပြတ်နေသော  ဖာရာရီပြိုင်ကားတစ်စီး၏ ကားဘော်ဒီ အပျက်အစီးကို RM Sotheby's ကုမ္ပဏီက လေလံတင်ခဲ့ရာ အမေရိကန်ဒေါ်လာ (၁.၉) သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ 

လေလံရောင်းချပွဲကို  ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၇) ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကားဘော်ဒီ အပျက်အစီးတစ်ခုကို ဒေါ်လာသန်းချီပေး၍ ဝယ်ယူမှုမှာ အံ့အားသင့်စရာ ဖြစ်နိုင်သော်လည်း ဝယ်ယူသူမှာ ငွေထက် ကားပြိုင်ပွဲသမိုင်းနှင့် ဂုဏ်ရှိမှုကို အလေးထားသူ ဖြစ်ပါက ထိုသို့ ဝယ်ယူမှုမှာ ကြောက်စရာကောင်းသော ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု မဆိုနိုင်ပေ။

ယခု ကားဘော်ဒီ အပျက်အစီးမှာ စုစုပေါင်း (၁၃) စီးသာ ထုတ်လုပ်ထားသော ၁၉၅၄ ခုနှစ်ထုတ် ဖရာရီကားမော်ဒယ် Ferrari Mondial Spider Series I အနက်မှ တစ်စီးဖြစ်သည်။ 

ထိုကားမှာ ဖာရာရီ၏ V12 မော်ဒယ် မဟုတ်သော်လည်း လုံးဝကွဲပြားခြားနားသော ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည်။ 

ဆလင်ဒါ (၄) လုံး ပါဝင်သော အဆိုပါ ဖာရာရီကားကို အကွေ့အကောက်များသည့် လမ်းများပေါ်တွင် မောင်းနှင်ရန်အတွက် ဒီဇိုင်းထုတ်ထားပြီး သေးငယ်ပေါ့ပါးသော အင်ဂျင်တပ်ဆင်ထားသည်။

ထိုကားကို ၁၉၇၈ ခုနှစ်တွင် ဖာရာရီကား စုဆောင်းသူ Walter Medlin က ဝယ်ယူခဲ့ပြီး လက်ရှိ အခြေအနေဖြင့် (၄၅) နှစ်ကြာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ 

အကောင်းအတိုင်းရှိနေသေးသည့် Ferrari Mondial Spiders မော်ဒယ် ကားများကိုမူ ဒေါ်လာ (၂) သန်းကျော်ဖြင့် ရောင်းချနိုင်ကြောင်း စုဆောင်းထားလေ့ရှိသော ကားများ၏တန်ဖိုးကို လေ့လာမှတ်တမ်းတင်နေသည့်  Hagerty ကုမ္ပဏီ ဒုတိယဥက္ကဌ Brian Rabold က ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ဖာရာရီ ကားအချို့ကို ဒေါ်လာ (၅) သန်းဖြင့် ရောင်းချနိုင်ခဲ့သည်ဟု ဆိုသည်။ 

လေလံပွဲတွင် တန်ဖိုးအကြီးဆုံးဖြင့် ရောင်းချနိုင်ခဲ့သည့် ဖာရာရီကားမှာ ၁၉၆၂ ခုနှစ်ထုတ် Ferrari 250 GTO ဖြစ်ပြီး RM Sotheby's က ၂၀၁၈ ခုနှစ်အတွင်း လေလံဈေး ဒေါ်လာ (၄၈.၄) သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

Source: CNN, Sotheby's

Photo: Matt Jelonek/Getty Images, Todd Kraemer