ဘောလခဲမြို့နယ်အတွင်း ဒေသခံများ လုပ်ငန်းလုပ်ကိုင်နေသည့် နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် ဒေသခံ ( ၂ )ဦး သေပြီး (၃)ဦးဒဏ်ရာရ

ဘောလခဲမြို့နယ်အတွင်း ဒေသခံများ လုပ်ငန်းလုပ်ကိုင်နေသည့် နေရာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် ဒေသခံ ( ၂ )ဦး သေပြီး (၃)ဦးဒဏ်ရာရ
မတ် 24, 2023 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲခရိုင်အတွင်း ဒေသခံများ လုပ်ငန်းလုပ်ဆောင်နေသည့် နေရာကို ၂၀၂၃ခုနှစ်၊ မတ်လ (၂၃)ရက်၊ ညနေပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့် ဒေသခံ ( ၂ )ဦးသေဆုံးပြီး ( ၃ )ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘောလခဲ PDF က သတင်းထုတ်ပြန်ထားသည်။

မတ်လ (၁၆)ရက်နေ့က ရေနီပေါက်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်မှ ဘောလခဲမြို့အနီးနားရှိ ရေနီပေါက်ကျေးရွာနှင့် မိုင်းထမ်းကျေးရွာများအား လက်နက်ကြီးနှင့်နေ့စဉ် ပစ်ခတ်နေသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုများကြောင်း ကျေးရွာ ( ၂ )ရွာမှ အိမ်ခြေ (၂၀)အပြင် ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာ ( ၂ )ရွာရှိ ပြည်သူများမှာ ဘေးလွှတ်ရာသို့ ရွာလုံး ကျွတ် ထွက်‌ပြေးတိမ်းရှောင်နေရပြီး အခက်ခဲများနှင့် ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေသဖြင့် ဘောလခဲ-ဖားဆောင်း လမ်းမကြီးနှင့် ဘောလခဲ-ရွာသစ် လမ်းမကြီးများအား အသုံးပြုသွားလာခြင်းကို ရက်အကန့်အသတ်မရှိ ရပ်နားထားမည်ဖြစ်ကြောင်း ဘောလခဲ PDF က ထုတ်ပြန် အသိပေးထားသည်။