အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်နေသည့် ဒီးမော့ဆိုမြို့တွင် ဆောက်လုပ်ရေးရုံးနှင့် ပြည်ခိုင်ဖြိုးပါတီရုံး မီးလောင်

အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်နေသည့် ဒီးမော့ဆိုမြို့တွင် ဆောက်လုပ်ရေးရုံးနှင့် ပြည်ခိုင်ဖြိုးပါတီရုံး မီးလောင်
မေ 24, 2021 | ကယား

အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများလုပ်နေသည့် ဒီးမော့ဆိုမြို့တွင် ဆောက်လုပ်ရေးရုံးနှင့် USDP ရုံးမီးလောင်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၄) ရက်နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ပစ်ခတ်တိုက်ခိုက်မှု မရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလုပ်နေပြီး ဆောက်လုပ်ရေးရုံးနှင့် USDP ရုံးတို့မှာလည်း မီးလောင်သွားကာ မီးလောင်ရသည့်အကြောင်းရင်းကို မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

"ဆောက်လုပ်ရေးရုံးလည်း မီးလောင်တယ်။ ကြံ့ခိုင်ရေးရုံးလည်း မီးလောင်နေတာ တွေ့တယ်။ လျှပ်စစ်လျှော့ဖြစ်လို့လား ဒါမှမဟုတ် စစ်တပ်ဖက်ကပစ်တဲ့ လက်နက်ကြီးမှန်လို့လားတော့ မသိဘူးပေါ့။ ကျွန်တော်တို့ လူတွေတော့ အထိအခိုက်မရှိဘူး ။ ဒီနေ့ ပစ်ခတ်မှုမဖြစ်ပေမဲ့ စစ်တပ်ဖက်က လက်နက်ကြီးတွေ ပစ်တာရှိတယ်။ ရပ်ကွက်ထဲက အိမ်တစ်ချို့ ထိထားတယ်။ ခုထိ လျှပ်စစ်မီးတွေတော့ ပျက်နေတယ်"ဟု ဒီမော့ဆိုဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သော်လည်း ယနေ့တွင် ပစ်ခတ်မှုမဖြစ်သေးဘဲ စစ်ကောင်စီတပ်ဘက်ကသာ လက်နက်ကြီးဖြင့် ပစ်ခတ်နေသံများ ကြားနေရကြောင်း သိရသည်။

ယမန်နေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖက်မှ ခြေကုတ်ယူထားသော တရားရုံး၊ စစစရုံး၊ မြို့နယ်လျှပ်စစ်နှင့် မြို့နယ်ထွေအုပ်ရုံးများ မီးလောင်ပျက်စီးခဲ့ပြီး ယနေ့ မေလ (၂၄) ရက်နေ့တွင် အကြောင်းရင်းမသိရဘဲ ဆောက်လုပ်ရေးရုံးနှင့် USDP ရုံးများ မီးလောင်သွားခဲ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ယမန်နေ့က တိုက်ခိုက်မှုအပြီး၌ အာဏာသိမ်းစစ်ကောင်စီတပ်များ ရှမ်းပြည်တောင်ပိုင်းမှ ကယားပြည်နယ်သို့ အင်အားထပ်ဖြည့်ထားသည့်အပြင် ယနေ့တွင်လည်း လွိုင်ကော်လေဆိပ်၌ တစ်နေကုန် လေယာဉ်အတက်အဆင်းရှိနေသည်ကိုလည်း တွေ့လာရသည်။

Photo: ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုမြို့နယ်