ရွှေပြည်အေးမြို့ကို လာတိုက်သည့် စစ်ကောင်စီတပ်က သေ‌ဆုံးအလောင်းများကို ဖြစ်သလိုမြေမြှုပ်ထားခဲ့

ရွှေပြည်အေးမြို့ကို လာတိုက်သည့် စစ်ကောင်စီတပ်က သေ‌ဆုံးအလောင်းများကို ဖြစ်သလိုမြေမြှုပ်ထားခဲ့
ဖေဖော်ဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ရွှေပြည်အေးမြို့ကို လာရောက်တိုက်ခိုက်သည့် စစ်ကောင်စီတပ်က သေဆုံးအလောင်းများအား မြေမြှုပ်ထားရစ်ခဲ့ပြီး နေအိမ်များတွင် ကတုပ်ကျင်းများတူးထားသည့် ဓာတ်ပုံများကို ခန္တီးခရိုင် အမှတ်(၂)တပ်ရင်းက ထုတ်ပြန်ထားသည်။

ရွှေပြည်အေးမြို့ကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားအလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သိမ်းပိုက်ထားသော ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အား ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့မှစပြီး စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ ယမန်‌နေ့ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် စစ်ကောင်စီတပ်များအားလုံး ဆုတ်ခွာထွက်ပြေးသွားသဖြင့် PDFတပ်မတော်က မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်ဟု သိရသည်။

ထို့နောက် ရွှေပြည်အေးမြို့အတွင်း ရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း(၇)လောင်း၊ လက်နက်(၃)လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင်တပ်ရင်းများ၊ ပကဖများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာရာလမ်းကြောင်းများကို ပိတ်ဆို့တိုက်ခိုက်နေသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo: Homalin People's Defence Force - HPDF