ရုရှား - ယူကရိန်း ပဋိပက္ခဖြေရှင်းရေး ကြားဝင်လိုသည့် တရုတ်၏ဆန္ဒကို ပူတင်ကြိုဆို

ရုရှား - ယူကရိန်း ပဋိပက္ခဖြေရှင်းရေး ကြားဝင်လိုသည့် တရုတ်၏ဆန္ဒကို ပူတင်ကြိုဆို
By Tachileik News Agency

ရုရှား - ယူကရိန်း ပဋိပက္ခဖြေရှင်းရေး တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်လိုသည့်ဆန္ဒကို ရုရှားသမ္မတ ပူတင်က ကြိုဆိုဟန်ရှိသည့်သဘောထားကို တနင်္ဂနွေနေ့က ထုတ်ဖေါ်ပြောကြားလိုက်သည်။ရုရှားသမ္မတပူတင်က ယူကရိန်းကို တိုက်ခိုက်နေသည့် စစ်ပွဲတွင် ကြားဝင်ညှိနှိုင်းရေး နည်းလမ်းရှာမည်ဟု မှန်းဆထားကြသည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရုရှားသို့ ခရီးစဉ် တနင်္လာနေ့တွင် စတင်မည်ဖြစ်သည်။ရုရှားအနေဖြင့် ယူကရိန်းပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် လမ်းဖွင့်ထားသည်ဟု ရုရှားသမ္မတပူတင်က ဆိုထားသည်။

လွန်ခဲ့သည့်တစ်နှစ်ကျော်ကစသည့် ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အထီးကျန်နေသည့် ရုရှားနိုင်ငံသို့ ၎င်း၏အကြီးဆုံးမိတ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ သမ္မတ ရှီက (၄)နှစ်တာကာလအတွင်း (၃)ရက်တာ ခရီးစဉ်သွားရောက်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်စတင်သည့် တနင်္လာနေ့တွင် ပူတင်နှင့် ရှီတို့ အလွတ်သဘောသီးခြားတွေ့ဆုံကြမည်ဖြစ်ပြီး နောက်တစ်နေ့တွင် စေ့စပ်ဆွေးနွေးရေးစတင်မည်ဟု ရုရှားသတင်းအေဂျင်စီများသို့ ပူတင်၏ နိုင်ငံခြားရေးအကြံပေးက ပြောကြားထားကြောင်း သိရသည်။

တရုတ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆွေးနွေးရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သမ္မတ ရှီကျင့်ဖျင်၏ ရုရှားခရီးစဉ်ကို ကြေညာချက်တွင်တွင် ဖေါ်ပြထားသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ တတိယသက်တမ်းတွင် အရှေ့အလယ်ပိုင်းအရေးတွင် ကြားဝင်ရေးချဉ်းကပ်မှုဖြင့် နိုင်ငံတကာစာမျက်နှာ၌ တရုတ်၏အခန်းကဏ္ဍကို တွန်းတင်လာသည်ဟု သုံးသပ်ထားကြသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံတွင်လည်း UWSA ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)က မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေး တရုတ်၏ကြားဝင်ဆောင်ရွက်လိုမှုကို ကြိုဆိုသည်ဟု ၂၀၂၃ ခုနှစ် မတ်လ (၁၆)ရက်နေ့က ထုတ်ပြန်ခဲ့ကြသည်ကို တွေ့ရသည်။



Source: Bangkok Post