တာချီလိတ်မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးရန်နိုင်ထွန်း မြေယာကိစ္စများတွင် ဘတ်သိန်းချီတောင်းရမ်းပြီး ငွေမပေးပါက အချိန်ဆွဲ 

တာချီလိတ်မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးရန်နိုင်ထွန်း မြေယာကိစ္စများတွင် ဘတ်သိန်းချီတောင်းရမ်းပြီး ငွေမပေးပါက အချိန်ဆွဲ 
မတ် 18, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးမှူး ဦးရန်နိုင်ထွန်းက မြေယာကိစ္စဆောင်ရွက်သူများအပေါ် ဘတ်ငွေသိန်းချီ အတောင်းကြမ်းနေပြီး၊ ငွေကြေးမပေးပါက အမြန်မြန်ဆန်ဆန် ဝန်ဆောင်မှုမပေးဘဲ အချိန်ဆွဲထားမှုများအထိ လုပ်ဆောင်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

"သူက တာချီလိတ်မှာ ရောက်တာ (၃)နှစ်ကျော်ပြီ၊ စရောက်ကတည်းက ငွေအတောင်းကြမ်းတာ။ အခုဆို ပိုဆိုးတယ်။ တောင်းလိုက်ရင် ထိုင်းဘတ်ငွေ အနည်းဆုံး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိပဲ။ ပုံစံ (၁၀၅)အမြန်ရဖို့ဆိုရင် ဈေးနှုန်း အမျိုးမျိုးရှိတယ်။ အမြန်က တဈေး၊ တလအတွင်း ရဖို့ဆိုရင်တဈေးဆိုပြီးရှိတယ်။ အနည်းဆုံးကတော့ ဘတ်(၅)သိန်းအထက် ပေးရတယ်"ဟု ဒေသခံ နန်းလုံးခမ်းက ပြောသည်။

တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနရုံးတွင် ရုံးဖွင့်ချိန်များ၌ မြေယာကိစ္စများဖြင့် လာရောက်သူများပြားသော်လည်း ဦးစီးမှူး ဦးရန်နိုင်ထွန်းမှာ ရုံးထိုင်မှု နည်းပါးသည်ဟု ဆိုသည်။



"ဦးစီးနဲ့ တွေ့ဖို့ ရုံးရောက်သွားရင် သူ့ကို ရုံးချိန်တွေမှာမတွေ့တာများတယ်။ ဘယ်တစ်ယောက်ကို မေးရမှန်းမသိဘူး။ မေးရင်လည်း မသိဘူးဘဲ ပြောတယ်။ သူက ရုံးထိုင်တာ နည်းတယ်။ ဂွင်ကောင်းကောင်းအတွက် လက်မှတ်ထိုးဖို့ လိုမှ၊ ဖုန်းဆက်ခေါ်မှ လက်မှတ်လာထိုးပေးတာမျိုး၊ သူ့ရုံးဝန်ထမ်းထဲက အချို့လည်း ရန်နိုင်ထွန်းလိုပဲ အတောင်းကြမ်းတယ်၊ မြေတိုင်းစာရေးတစ်ယောက်ဆိုရင် ရုံးထိုင်ပြီး အတောင်းကြမ်းလို့ တိုင်ခံရပြီး ကျေးရွာအုပ်စုဘက် ပို့ခံရတယ်။ နောက်ပြီး ဦးစီးမှူးက ပိုင်ရှင်ကိုယ်တိုင်တွေထက် တဆင့်ခံ ပွဲစားတွေနဲ့ အလုပ် လုပ်တာများတယ်။ အဲ့လိုလုပ်တော့ သူ့အတွက်က တောင်းသလောက် ပိုရနေတယ်"ဟု မြေယာလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

အဆိုပါ ရုံးတွင် ပြည်သူများက မြေယာကိစ္စများ ဆောင်ရွက်ရန်သွားတိုင်းတွင် ချက်ချင်းလုပ်ဆောင်ပေး၍ ရသော်လည်း ချက်ချင်းမလုပ်ဆောင်ပေးဘဲ အချိန်ဆွဲမှုများ ကြောင့် အခက်အခဲများ ဖြစ်စေသည်ဟုလည်း ဆိုသည်။



"မြေစာရင်းရုံးကို သွားရတာလည်း စိတ်မောရတယ်။ နေ့တိုင်း အဲ့ရုံးကို လာတဲ့လူများတယ်။ လာတဲ့လူတိုင်းလည်း တစ်ခေါက်တည်းမပြီးဘူး။ ငွေမတတ်နိုင်သူ နဲ့ သူတို့ တောင်းသလောက် မပေးနိုင်သူဆိုရင် အချိန်ဆွဲတာပေါ့။ ချက်ချင်းလုပ်ပေးလို့ရတာကို အောက်ခြေဝန်ထမ်းကအစ အဲ့ ဦးစီးကအဆုံးပဲ အတော်ရစ်တာ။ အထောက်အထား မပြည့်စုံလို့၊ ဟိုဟာလိုတယ် ဒီဟာလိုတယ်ဆိုပြီး ရစ်တာ။ အသိတစ်ယောက်ကတော့ ပုံစံ (၁၀၅)ကို သူတို့ တောင်းသလောက်ပေးလို့ (၂)ရက်အတွင်း ရတာတောင်ရှိသေးတယ်။ နောက်ပြီး သူတို့က ရင်းနီးတဲ့လူဆို တမျိုး လုပ်ပေးတာ"ဟု ပုံစံ(၁၀၅)လျှောက်ထားဖူးသသော အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။



တာချီလိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးရန်နိုင်ထွန်းသည် ၎င်း၏ အထက်ဌာန အဆင့်ဆင့်နှင့်ပိုင်သည့်အတွက် လာဘ်ပေးလာဘ်ယူမှုများနှင့် ပတ်သက်ပြီး တိုင်တန်းပါကလည်း ဂရုစိုက်စရာမလိုဟုလည်း ပြောဆိုသည်ဟု ပြောကြသည်။

"သူက တာချီလိတ်မှာ ရောက်နေတာ (၃)နှစ်ကျော်ပြီ သူ့ကို ဘယ်သူမှ မဖြုတ်ရဲဘူး မပြောင်းရွှေ့ရဲဘူး၊ ပြည်နယ်မှူးက အစပိုင်တယ် ဆိုပြီး မူးရင်ပြောတတ်တယ်။ သူက ဒီတာဝန် ဒီရာထူးက ပြုတ်လည်းအေးဆေးပဲတဲ့ ပါလျှံထဲမှာ အိမ်ခန်းငှားလည်းဆောက်ပြီးပြီ အိမ်ဝိုင်းတွေလည်း အများကြီးရှိပြီး ပြီဆိုပြီး တခါတခါ ကြွားလုံးထုတ်တတ်တယ်။ ငွေအတောင်းကြမ်းတာကတော့ မြေလုပ်ငန်းရှင်တွေအကြားမှာ တော်လေး အပုပ်နံ့ထွက်နေတယ်။ သူက မြေကွက်တွေပေါ်မူတည်ပြီး နည်းရင်နည်းသလို များရင်များသလိုမျိုး လက်မှတ်ထိုးပေးခံအနေနဲ့ တောင်းသလောက်ငွေပေးမလား၊ မြေတစ်ကွက်ပေးမလားဆိုတာမျိုးတွေလုပ်တတ်တယ်။"ဟု ဒေသခံ ဦးကျော်ရဲက Tachileik News Agency သို့ ၂၀၂၃ခုနှစ် မတ်လ(၁၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် မြေယာပြဿနာများစွာရှိနေသလို မြေယာဖော်ဆောင်မှုများ မြေကွက်ရောင်းဝယ်မှုများနှင့် အမည်ပေါက်ကိစ္စများ၊ ပုံစံ (၁၀၅)များ စသည့် ကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနသို့ သွားရောက်၍ ဝန်ဆောင်မှု ရယူရာတွင် ငွေကြေးမသုံးပါက အဆင်ပြေချောမွေ့မှု မရှိဟု ဒေသခံများက ပြောဆိုနေကြသည်။