လွိုင်ကော်မြို့ အရုဏ်ဦးသပိတ်ကို စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အမျိုးသမီး(၃)ဦး ဖမ်းခံရပြီး ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသည့် အမျိုးသားတစ်ဦး ပျောက်နေ

လွိုင်ကော်မြို့ အရုဏ်ဦးသပိတ်ကို စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အမျိုးသမီး(၃)ဦး ဖမ်းခံရပြီး ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးသည့် အမျိုးသားတစ်ဦး ပျောက်နေ
ဧပြီ 22, 2021 | ကယား

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ဧပြီလ (၂၂)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ ပစ်ခတ်ဖြိုခွင်းခြင်းကြောင့်  တိမ်းရှောင်ထွက်ပြေးရင်း ဘီလူးချောင်းအတွင်း ခုန်ချသွားသော လူငယ်တစ်ဦးမှာ ယခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းသိရသည်။ 

စစ်အာဏာရှင် ဆန့်ကျင်ရေးအရုဏ်ဦးသပိတ်အား အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်များမှ လာရောက်ပစ်ခက်ဖြိုခွင်းခဲ့သောကြောင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံခဲ့ရသလို ဆိုင်ကယ်များပါ သိမ်းယူသွားပြီး ဘီလူးချောင်းအတွင်း ခုန်ချထွက်ပြေးခဲ့သူ တစ်ဦးမှာ ဧပြီလ (၂၂)ရက်နေ့ ညပိုင်းထိ ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းသိရသည်။ 

 

"သပိတ်မှာ သူကရေထဲ ခုန်ချထွက်ပြေးတယ်လို့ သိရတယ်။ မနက်ကတည်းက ညနေထိ စက်လှေတွေနဲ့ ရှာကြတာ မတွေ့​သေးဘူး။ ရေနစ်သွားလား ဘယ်လို ဖြစ်တယ်ဆိုတာ အတည်ပြုလို့မရသေးဘူး ။ သူ့မိသားစုကတော့ ရဲစခန်းမှာ စုံစမ်းတာ မရှိဘူးလို့တော့ပြောတယ်။ ဒီညထိ ရှာမတွေ့သေးဘူး ။ အဲ့နားက ဆိုင်တစ်ဆိုင်ရဲ့  cctv မှာကြည့်မို့ကို ဒကစ က ညနေကလာဖြုတ်သွားတယ်ပြောတယ်။  စစ်ကားနှစ်စီးနဲ့တဲ့ ။ တစ်ချို့ပြောတာလည်း ကျည်ထိတယ်ပြောတယ်။"ဟု လွိုင်​ကော်မြို့ခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လွိုင်ကော်မြို့ခံများ၏ ပြောပြချက်အရ ဧပြီလ (၂၂)ရက်နေ့ နံနက် (၄)နာရီကျော်အချိန်ဝန်းကျင်က လွိုင်ကော်မြို့တွင် လူငယ်အချို့မှ ပြုလုပ်သည့် အရုဏ်ဦးသပိတ်အား အာဏာသိမ်းအဖွဲ့မှ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သောကြောင့် အဆိုပါ အမျိုးသားမှာ အနီးရှိ ဘီလူးချောင်းအတွင်း ခုန်ချ ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး အချို့၏ ပြောပြချက်အရ ၎င်းအမျိုးသားမှာ  ကျည်ထိမှန်ခြင်းရှိခဲ့ကြောင်း ပြောဆိုမှုများလည်းရှိပြီး လက်ရှိချိန်ထိ ပျောက်ဆုံးနေ၍ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။