တာချီလိတ်မြို့နယ် တစ်ခုလုံးအနေဖြင့် ၂၀၂၃ခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း ဖြေဆိုသူ (၁၄၀)ကျော်သာရှိ

တာချီလိတ်မြို့နယ် တစ်ခုလုံးအနေဖြင့် ၂၀၂၃ခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွင်း ဖြေဆိုသူ (၁၄၀)ကျော်သာရှိ
မတ် 9, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်  ဖြေဆိုသူ (၁၄၅)ဦးသာရှိရာ ယခင်နှစ်ထက် လျော့နည်းလာကြောင်း တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။

စာမေးပွဲ စတင်ဖြေဆိုသည့် မတ်လ(၈)ရက်နေ့တွင် တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)စာစစ်ဌာနတွင် (၁၁၈)ဦး နှင့် အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင် (၂၇)ဦး စုစုပေါင်း (၁၄၅)ဦးရှိ ပါဝင်ဖြေဆိုကြရာ ကျောင်းဖြေ နှင့် အပြင်ဖြေများ ပါဝင်ကြောင်း သိရသည်။

ဖြေဆိုသည့် (၁၄၅)ဦးတွင် (၁၁၁)ဦးက အပြင်ဖြေများဖြစ်ပြီး (၃၄)ဦးကသာ ကျောင်းဖြေများဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တာချီလိတ်မြို့နယ်အနေဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၂၆၃)ဦးရှိခဲ့ရာ ယခုနှစ်မှာ ယမန်နှစ်ထက် (၁၀၀)ကျော်အထိ လျော့နည်းလာသည်ကို စာရင်းများအရ သိရသည်။

နိုင်ငံ့အာဏာမသိမ်းမီ ၂၀၂၀ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲ ကာလအတွင်းက တာချီလိတ်မြို့နယ်အတွင်း  စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၁၀၅၁)ဦးရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှင့် ၂၀၂၃ခုနှစ်တို့တွင် စာမေးပွဲ ဖြေဆိုသူများမှာ အနိမ့်ဆုံး အရေအတွက်သို့ ထိုးကျသွားခဲ့သည်။

 

ယခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအနေဖြင့် ဖြေဆိုသူ (၁၁၆၁)ဦးသာရှိရာ ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းက အနည်းဆုံးဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ကယားပြည်နယ်က (၉၂၁)ဦးသာ ဖြေဆိုပြီး   ရှမ်းပြည်နယ်အရှေ့ပိုင်းက ဒုတိယအဆင့်တွင် ရှိနေကြောင်း သိရသည်။

၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား တနိုင်ငံလုံးအနေဖြင့် ၂၀၂၃ခုနှစ် မတ်လ(၈)ရက်နေ့က စတင်ကာ မတ်လ(၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency