တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲထားသူ တစ်ဦးက လမ်းပေါ် သွားရင်းလာရင်း အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အချွန်နှင့် ထိုးသွား

တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲထားသူ တစ်ဦးက လမ်းပေါ် သွားရင်းလာရင်း အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အချွန်နှင့် ထိုးသွား
မတ် 4, 2023 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြို့မ(ဝမ်ကောင်း)ဈေးအနီးတွင် မူးယစ်ဆေးသုံးစွဲထားသည့် အမျိုးသားတစ်ဦးက လမ်းတွင် ရပ်စောင့်နေသည့် အမျိုးသမီးတစ်ဦး၏ လည်ပင်းကို အချွန်နှင့်ထိုးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြို့မဈေးအနီးရှိ ထိုင်းစာသင်သည့် နေရာအနီးတွင် ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဆိုင်ကယ်နှင့်ရပ်စောင့်နေသည့် အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို အမည်မသိ အမျိုးသားတစ်ဦးက အချွန်နှင့်ထိုးသွားခြင်းဖြစ်ကြောင်း သိရသည်။

"ယိုးဒယားကျူရှင် ကြိုဖို့ သွားတာ ကျူရှင် မဆင်းသေးလို့ လမ်းဘေးမှာ ဆိုင်ကယ်နဲ့ရပ်စောင်နေတာ လူသွားလူလာလဲရှိပါတယ်။ အဲ့ဒါကို ဆေးသမားတစ်ယောက်က ဖြတ်လာပီး လည်ပင်းနားကို ဘာအချွန်နဲ့လဲ မသိဘူး။ ဆေးထိုးအပ်လား သံလားမသိဘူး အဲ့ဒါနဲ့ ထိုးသွားတယ်။ ကြောက်ပြီး ဆေးခန်းပြတော့ ခု ကာကွယ်ဆေး သောက်နေရပါတယ်။ တကယ်လို့ အပ် ဖြစ်နေရင် ရောဂါကူးမှာဆိုးလို့ အခု ကာကွယ်ဆေးသောက်နေရပါတယ်။ ဆေးက အရမ်းပြင်းတော့ အန်ပြီး ဆေးရုံတောင်ရောက်တယ်"ဟု အချွန်နှင့် ထိုးခံခဲ့ရသည့် အဆိုပါ အမျိုးသမီးက Tachileik News Agency ပြောသည်။

ယခုလို ထိုးခံရသည့် အမျိုးသမီးသည် ဒဏ်ရာမှာ မကြီးမားသော်လည်း ၎င်းကဲ့သို့ အခြားလူများလည်း မခံရနိုင်ရန်နှင့် ကြိုတင် သတိထားနိုင်ရန် အသိပေး ပြောကြားလာခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲပြီး လူသူ သွားလာမှုများသည့် လမ်းများပေါ်တွင် ဓါးရှည်၊ ဓါးတို နှင့် မူးယစ်ဆေးထိုးသည့် ဆေးထိုးအပ်များ စသည့် ချွန်ထက်ပစ္စည်းများ ကိုင်ဆောင်ကာ သွားလာနေမှုများမှာ မကြာခဏ တွေ့ရှိနေရကြောင်း ဒေသခံများက ဆိုသည်။

တာချီလိတ်မြို့တွင် လမ်းပေါ်တွင် ယင်းကဲ့သို့ ကိုင်ဆောင်ပြီး သွားလာနေသူများ ပေါများနေသလို ဓါးဖြင့် ခုတ်၍ လုယက်သည့် ဖြစ်စဉ်များလည်း နေ့စဉ်နီးပါးဖြစ်ပွားနေသည်။