တအာင်းဒေသအတွင်းက  ရွက်စိမ်းလက်ဖက်ဈေးနှုန်းများ (၁)ပိဿာလျှင် ကျပ်(၂၀၀၀)အထိ ရလာနိုင်ဖွယ်ရှိ

တအာင်းဒေသအတွင်းက  ရွက်စိမ်းလက်ဖက်ဈေးနှုန်းများ (၁)ပိဿာလျှင် ကျပ်(၂၀၀၀)အထိ ရလာနိုင်ဖွယ်ရှိ

 တအာင်းဒေသအတွင်း နမ့်ဆန်မြို့နယ်တွင် (၁)ပိဿလျှင် ကျပ်(၁၀၀၀)ဝန်းကျင်သာရရှိခဲ့သည့် ရွက်စိမ်းလက်ဖက်များ ယခုနှစ်တွင် (၁)ပိဿာလျှင် ကျပ်(၂၀၀၀)အထိ ရလာနိုင်ဖွယ်ရှိကြောင်း ပလောင်လက်ဖက်အသင်းက ပြောသည်။

"လက်ဖက်စို ဈေးကတော့ မသိရသေးဘူး။ အရင်ထက်တော့ ပိုရရမှာပေါ့နော်။ ခန့်မှန်းခြေ ရွက်စိမ်းကတော့ ကျပ်(၂၀၀၀)ဝန်းကျင်တော့ ဖြစ်သင့်တာပေါ့။ ကျွန်တော်တို့ကလည်း လက်ဖက်တောင်သူတွေကို အလုပ်ဖြစ်စေချင်တယ်။ ဈေးနှုန်းလေးတွေတော့ ထိန်းညှိနေတာပေါ့"ဟု ပလောင်လက်ဖက်အသင်း (ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူး ကိုသိန်းထွေးက ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့က ပြောသည်။

ကုန်ဈေးနှုန်းများ နေ့စဉ် တက်နေသည့်အတွက် လက်ဖက်ဈေးနှုန်းလည်း အနည်းနှင့်အများ တက်လာရန် လိုအပ်သလို ယခုနှစ်တွက် လက်ဖက်ဈေးနှုန်းကောင်းကောင်းရရှိရေးအတွက် ပလောင်လက်ဖက်အသင်း (ဗဟို)က လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်ခဲ့ကြောင်း သိရသည်။ 

လက်ဖက်အချိုခြောက်နှင့် လက်ဖက်အစိုကိုသာ အသက်မွေးဝမ်းကြောင်းအဖြစ် အဓိကအများဆုံး စိုက်ပျိုး လုပ်ကိုင်နေကြသည့်  နမ့်ဆန်မြို့နယ်တွင် ရွက်စိမ်းလက်ဖက် (၁)ပိဿကို ကျပ်(၂၀၀၀)ဝန်းကျင်အထိ ရနိုင်က ယခင်ကထက်စာလျှင် အဆင်ပြေနိုင်မည်ဟု မျှော်လင့်ကြောင်း လက်ဖက်တောင်သူများက ဆိုသည်။ 

 "ဈေးရရင် ကောင်းတာပေါ့။ လက်ဖက်က ခူးသာခူး နေရတာ ဈေးက မရှိဘူး။  ထမင်းငတ်မှာတောင် ကြောက်ရတယ်။ ဘာလို့ဆို နေ့တိုင်းဝယ်စားနေရတာတွေက အကုန်ဈေးကြီးနေတယ်လေ။ တကယ်တမ်း ပြောရမယ်ဆို ဈေးက (၂၀၀၀)တောင် နည်းသေးတယ်။ ပိုက်ဆံ (၂၀၀၀)က ဘာမှလုပ်လို့မရဘူးလေ"ဟု  လက်ဖက်တောင်သူတ ဒေါ်အီ က ပြောသည်။



နမ့်ဆန်မြို့နယ်အတွင်း ပြီးခဲ့သည့် (၂)နှစ်အတွင်းက  လက်ဖက်ရွက်စိမ်း (၁)ပိဿာကို ကျပ်(၁၀၀၀)ဝန်၊  လက်ဖက်အစို (၁)ပိဿကို ( ၁၅၀၀ ) ကျပ် နှင့် လက်ဖက်အခြောက် တစ်ပိဿကို ကျပ်(၄၀၀၀)ဝန်းကျင်သာ ရရှိခဲ့ကြောင်း သိရသည်။

လက်ဖက်စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်းနေရသည့် နမ့်ဆန့်မြို့နယ်အတွင်းမှ လက်ဖက်တောင်သူများမှာ ကုန်ဈေးနှုန်းများ နေ့စဉ် တက်လာနေခြင်းကြောင့် လက်ဖက်ဈေးကောင်းရရှိရေးသည် ၎င်းတို့၏ အကြီးမားဆုံး အိပ်မက်တခုဖြစ်နေသည်။