အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ (၁၇) ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး လူ (၁၇) ဦး သေဆုံး
By Mr John

 အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Pertamina ၏ လောင်စာဆီသိုလှောင်ရုံတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၇) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် မတ်လ (၃)ရက် ည (၈) နာရီကျော်တွင် လောင်စာဆီသိုလှောင်ရုံ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ကို မီးကူးစက်ခဲ့ကြောင်းနှင့် လူနေထူထပ်သည့် အဆိုပါ ဧရိယာအတွင်းရှိ ဒေသခံများ ကြောက်လန့်တကြား ဖြစ်ခဲ့ကြသည်။

ဆိုရှယ်မီဒီယာတွင်  လောင်စာဆီသိုလှောင်ရုံမှ မီးတောက်ကြီးတစ်ခု ထွက်ပေါ်နေပြီး လူများ ဘေးလွတ်ရာ ထွက်ပြေးနေကြသည့် ဗီဒီယိုမှတ်တမ်းများကို တွေ့ရသည်။ 

မီးလောင်မှုကို ဒေသစံတော်ချိန် မတ်လ (၃) ရက် ည (၁၀) နာရီ (၃၀) မိနစ်ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း Pertamina ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

လောင်စာဆီသိုလှောင်ရုံတွင် မီးငြိမ်းသွားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် မီးလောင်နေဆဲဖြစ်ကြောင်း မီးသတ်ဌာနအရာရှိတစ်ဦးက မီးသတ်ဌာန၏ Instagram အကောင့်တွင် ပြောခဲ့သည်။ 

မီးလောင်မှုအတွင်း သေဆုံးခဲ့သူများအနက် ကလေးငယ် (၂) ဦး ပါဝင်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် လူ (၅၀) ဦး ဒဏ်ရာရခဲ့သည်ဟု မီးသတ်ဌာနအရာရှိ Rahmat Kristanto က ပြောသည်။

ဒဏ်ရာရသူ အများစုမှာ မီလောင်ခံခဲ့ရခြင်းဖြစ်ပြီး အစိုးရက ဆေးကုသစရိတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဂျကာတာမြို့ ယာယီမြို့တော်ဝန် Heru Budi Hartono က သတင်းထောက်များကို ပြောခဲ့သည်။ 



မီးလောင်မှုဖြစ်ပွားသည့် လောင်စာဆီသိုလှောင်ရုံအနီး နေထိုင်ကြသူများကို ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ဂျကာတာမီးသတ်တပ်ဖွဲ့က မီးသတ်ယာဥ် (၅၂) စီးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်ဌာနအရာရှိက ပြောသည်။ 

Pertamina စွမ်းအင်ကုမ္ပဏီက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရွှေ့ပြောင်းရေးလုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် လောင်စာဆီသိုလှောင်ရုံတွင် လောင်စာဆီ (၃၀၀,၀၀၀) ကီလိုလီတာ သိုလှောင်နိုင်ကြောင်း အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက်အရ သိရှိရသည်။

Source: Reuters, CNN

Photo: REUTERS/Ajeng Dinar Ulfiana,REUTERS/Willy Kurniawan, Muhammad Adimadja/Antara Foto/Reuters,