လိုင်စင်မဲ့ကားများ မောင်းနှင်ခွင့်ရှိနေသည့် လားရှို့မြို့တွင် ယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူများကို အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ငွေတောင်းခံနေခြင်းကြောင့်  ဒေသခံများအတွက် အခက်တွေ့

လိုင်စင်မဲ့ကားများ မောင်းနှင်ခွင့်ရှိနေသည့် လားရှို့မြို့တွင် ယာဉ်ထိန်းရဲက ဆိုင်ကယ်စီးသူများကို အကြောင်းအမျိုးမျိုးပြပြီး ဒဏ်ငွေတောင်းခံနေခြင်းကြောင့်  ဒေသခံများအတွက် အခက်တွေ့

လိုင်စင်မဲ့ကားများ မောင်းနှင်ခွင့်ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် အာဏာသိမ်းစစ်အုပ်စု၏ လက်အောက်ခံ အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း-မြောက်)၏ လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့က အကြောင်းအမျိုးမျိုးပြပြီး ဆိုင်ကယ်များကို စစ်ဆေးကာ ဒဏ်ငွေရိုက်နေခြင်းသည် လူထုအတွက် အခက်တွေ့စေကြောင်း ဒေသခံများက ဆိုသည်။



“လိုင်စင်တို့ အနောက်ကြည့်မှန်တို့ နံပါတ်ပြားတို့ ဆိုင်ကယ်ဆို ဦးထုပ်ပါမပါ အဲတာတွေ စစ်တာပေါ့။ သူတို့စစ်တာတွေ စုံဖို့မပြောနဲ့ တချို့လူတွေက ဆိုင်ကယ်အစုတ်တောင် မနဲစီးနိုင်အောင် ကြိုးစားရတယ်။ ဆီဈေးတက်လို့ အခက်တွေ့နေရတာက တစ်ကြောင်း အခုဒါတွေထပ်လုပ်တာ့ လူတွေပိုခက်ခဲစေတယ်"ဟု လားရှိုးဒေသခံ ကိုရှမ်းလေးက ပြောသည်။



အာဏာသိမ်းစစ်အုပ်စုက လိုင်စင်မဲ့ယာဉ်များကို မြို့တွင်းတင်သွင်းခွင့်ပြုနေ၍ လိုင်စင်မဲ့ယာဉ်တွေ အများအပြား အသုံးပြုနေကြခြင်းဖြစ်ပြီး ယခုလို နည်းလမ်းမျိုးစုံနှင့် ငွေညစ်ဒဏ်ငွေရိုက်နေခြင်းသည် တရားမျှတမှုမရှိကြောင်း နှစ်ရက်ဆက်တိုက် ဒဏ်ငွေပေးဆောင်ခဲ့ရကြောင်း မသဲသဲက ပြောသည်။

“ကျွန်မဆို ဆိုင်ကယ်လိုင်စင်မရှိလို့ နှစ်ရက်ဆက်တိုက် ဒဏ်ငွေဆောင်ရတယ်။ နှစ်ရက်ဆိုတော့ ကျပ် ( ၆ ) သောင်း ပေးရတယ်။ ကျွန်မရဲ့ တစ်နေ့တာ ဝင်ငွေတောင် တစ်သောင်းမရှိဘူး။ သူတို့ပေးလိုက်ရတဲ့ အဲငွေတွေက ကျွန်မရဲ့ တစ်လစာ စားစရိတ်ရှိတယ်”ဟု ၎င်းက ဆိုသည်။

၎င်းတို့ စတင် ဖမ်းဆီးစစ်ဆေးသည့် ၂၀၂၃ခုနှစ် မတ်လ (၁)ရက်နေ့တည်းမှာပင် ဖမ်းဆီး ဒဏ်ငွေရိုက်ခံရသူ (၅၀၀)ဝန်းကျင်ရှိခဲ့ပြီး ယခုလို မတ်လကုန်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ဆိုင်ကယ်ဦးထုပ် မဆောင်းသူ၊ ဆိုင်ကယ်တစ်စီးတည်း လူ(၃)ဦး စီးသူ၊ ဆိုင်ကယ်နံပါတ်ပြားမပါဘဲ မောင်းနှင်သူ၊ နောက်မှန်မပါဘဲ မောင်းနှင်သူ၊ ဆူညံ ပါဝါအိတ်ဇော တပ်ဆင်ပြီး မောင်းနှင်သူများကို ဒဏ်ငွေ ( ၃ )သောင်းနှင့် နှစ်ထပ်ရပ်ထားသည့် ကားများထဲတွင် ယာဥ်မောင်းရှိနေပါက  ဒဏ်ငွေ ကျပ် (၅)သောင်း ယာဥ်မောင်းမရှိလျှင် ဒဏ်ငွေ ကျပ် (၁) သိန်းကနေ ကျပ်( ၃ )သိန်းအထိ ပေးဆောင်ရမည်ဖြစ်ကြောင်း လို့ အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း-မြောက်)က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ (၂၈)ရက်နေ့တွင် အသိပေးကြေညာထားကြောင်း သိရသည်။