ထိုင်းနိုင်ငံကနေ မလေးရှားသို့ သွားရောက်မည့် မြန်မာနိုင်ငံသား (၁၅)ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး 

Photo: 25th IRSTF ( Thai Army )
Photo: 25th IRSTF ( Thai Army )
ထိုင်းနိုင်ငံကနေ မလေးရှားသို့ သွားရောက်မည့် မြန်မာနိုင်ငံသား (၁၅)ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး 

ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်မည့် မြန်မာနိုင်ငံသား (၁၅)ဦးကို ထိုင်းစစ်တပ်၏ အမှတ် (၂၅)ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းနှင့် ဖမ်းဆီးခံရသူများသည်  မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ပွဲစားအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃၇,၀၀၀)ဘတ် ပေးရကြောင်း သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ပြည်နယ်အတွင်း  ဘန်ဖလာ စစ်ဆေးရေးဂိတ်တွင် Isuzu D-Mac အနက်ရောင်ကားတစ်အား ထိုင်းစစ်တပ်၏ အမှတ် (၂၅)ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့က ၂၀၂၃ခုနှစ် မတ်လ(၂)ရက်နေ့ ည(၉)နာရီခွဲအချိန်တွင် စစ်ဆေးရန် တားမြစ်စဉ် မောင်းပြေးသွားကြောင်း သိရသည်။

မောင်းပြေးသည့် အဆိုပါကားကို လိုက်လံဖမ်းဆီးရာက ဘန်ဖလာကျန်းမာရေးဌာနရှေ့ လမ်းဘေးတွင် ကားကိုရပ်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ရပ်ထားခဲ့သည့် ကားအား စစ်ဆေးရာ ကားအတွင်းမှ အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း (၁၅)ဦးကို တွေ့ရှိရာ ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများဖြစ်နေပြီး မလေးရှားသို့ ပွဲစားအကူအညီဖြင့် သွားရောက်ရန် လာကြသူများဖြစ်ကြောင်းနှင့် ထွက်ပြေးသွားသည့် ယာဉ်မောင်းကိုလည်း ၎င်းတို့အနေဖြင့် မသိရှိကြောင်း စစ်ဆေးချက်အရ သိရသည်။

လတ်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို  အမှတ် (၂၅)ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့က ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး ၎င်းတို့ကို Pathio ခရိုင်အတွင်းရှိ Ban Map Ammarit ရဲစခန်းတွင် ထားရှိကာ အမှုဖွင့်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံကနေ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်အတွက် သွားရောက်သည့် မြန်မာနိုင်ငံသား အများအပြား  ယခုကာလအတွင်း၌ ဖမ်းဆီးခံရခြင်းများကို မကြာခဏတွေ့ရသည်။