ထိုင်းနိုင်ငံက မြန်မာနယ်စပ်များအပါအဝင် နယ်စပ်ဝင်ပေါက်များ ပြန်ဖွင့်ရန်ပြင်ဆင်နေ

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား ၁ ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်
တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား ၁ ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်
ထိုင်းနိုင်ငံက မြန်မာနယ်စပ်များအပါအဝင် နယ်စပ်ဝင်ပေါက်များ ပြန်ဖွင့်ရန်ပြင်ဆင်နေ
By Tachileik News Agency

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု အတိုင်းအတာတစ်ခုအထိ ရပြီဖြစ်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ လေကြောင်းမှ နိုင်ငံခြားသားဝင်ရောက်မှုကို စတင်ဖွင့်ပေးလိုက်ပြီးနောက် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ဂိတ်များကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

နယ်စပ်ဂိတ်များ ပြန်ဖွင့်ရာတွင်  COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ခုနှစ် မတ်လ(၂၂)ရက်နေ့ မြန်မာ စံတော်ချိန် ည(၈)နာရီခွဲကတည်းက ထိုင်းနိုင်ငံဘက်က ပိတ်ထားသည့် တာချီလိတ် နှင့် မယ်ဆိုင်အကြား ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)ကိုပါ ပြန်လည်ဖွင့်လှစ်ဖွယ်ရှိကြောင်း သိရသည်။

နိုင်ငံတွင်း ရွှေ့ပြောင်းလုပ်သားဦးရေ (၄)သိန်းကျော်လိုအပ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးက ခန့်မှန်းထားပြီး အဆိုပါလိုအပ်သည့် လုပ်သားများကို နယ်စပ်ဝင်ပေါက်များမှ ဝင်ခွင့်ပြုခြင်းဖြင့် နိုင်ငံတွင်း လုပ်သားလိုအပ်ချက် ဖည့်ရန်နှင့် COVID 19 ထိန်းချုပ်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြဆွေးနွေးထားကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့က ပြောကြားသည်။

COVID 19 ကာလအတွင်း ကန့်သတ်ထိန်းချုပ်မှုများကို စတင်ဖြေလျော့ပေးနေ၍ နိုင်ငံတွင်း လုပ်သားလိုအပ်ချက်မြင့်မားလာချိန်တွင် နယ်စပ်ဝင်ပေါက်များ ပိတ်ထား၍ အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများမှ အလုပ်အကိုင်ရှာဖွေသူများ နေ့စဉ်ရာနှင့်ချီ၍ ထိုင်းနိုင်ငံတွင်း နယ်စပ်ဖြတ် ခိုးဝင်နေမှုများကို ထိန်းချုပ်နိုင်ရန် နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေး စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားအများအပြား COVID 19 ကာလအတွင်း နေရပ်ပြန်သွားကြသဖြင့် လုပ်သားလိုအပ်ချက်မြင့်နေပြီး အထူးသဖြင့် ပင်လယ်စာထုပ်လုပ်သည့်လုပ်ငန်းများ၊ ရာဘာထုတ်လုပ်ရေးလုပ်ငန်းစသည့် လုပ်ငန်းများတွင် ရွှေ့ပြောင်းလုပ်သားလိုအပ်ချက် မြင့်မားနေသဖြင့် နယ်စပ်ဖြတ်ကျော် အလုပ်လာရှာသူ အများအပြား ဝင်လာနေခြင်းဖြစ်သည်။

နယ်စပ်မှ ခိုးဝင်လာသူများကြောင့် COVID 19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ရန် နယ်စပ်ဂိတ်များဖွင့်လှစ်ရေး စီစဉ်နေသော်လည်း ဖွင့်မည့်ကာလအတိအကျကို ထုတ်ပြန်ခြင်းမရှိသေးပါ။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတွင်း COVID 19 ကြောင့် သေဆုံးသူပေါင်း (၂)သောင်းနီးပါးအပါအဝင် အတည်ပြုလူနာ (၂)သန်းနီးပါးတွေ့ထားခြင်းဖြစ်ပြီး အများစုမှာ  ပြီးခဲ့သည့် ဧပြီလက စတင်သည့် ဒလ်တာ ဗီဇပြောင်း COVID 19 ကူးစက်မှုကြောင့်ဖြစ်ကာ ကူးစက်မှုရွှေ့ပြောင်းလုပ်သားအများစုရှိရာ ဆောက်လုပ်ရေးလုပ်ငန်းများ၌ လူအစုအဝေးကြောင့် အများဆုံးကူးစက်ခဲ့ခြင်းဖြစ်သည်။

Ref: Bangkok Post

#TachileikNewsAgency