ထိုင်းဝန်ကြီးချုပ်ပရာယွတ်၏ စိန်ခေါ်မှုကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် တုံ့ပြန်

ထိုင်းဝန်ကြီးချုပ်ပရာယွတ်၏ စိန်ခေါ်မှုကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် တုံ့ပြန်
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရာထူးမှ ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံသို့ ပြန်လာမည်ဟု လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အိမ်ပြန်လာရန်စိန်ခေါ်မှုကို တုံ့ပြန်ပြောဆိုလိုက်သည်။ 

"ကျွန်တော် ပြန်လာမှာ သေချာပါတယ်။ ကျွန်တော် သေချာပေါက် ပြန်လာမယ်" ဟု သက်ဆင်က ClubHouse App တွင် ၎င်း၏အမည်တု Tony Woodsome ဖြင့် ဇူလိုင်လ (၁၉) ရက် ညပိုင်းက ပြောခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်က ထို App တွင် မက်ဆေ့ချ်များ ပုံမှန်တင်လေ့ရှိပြီး လက်ရှိ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ကိုလည်း နောက်ပြောင်ပြောဆိုလေ့ရှိသည်။ 

ပရာယွတ်က ၎င်း၏အကြောင်းကို တချိန်လုံး တွေးနေပုံရသည်ဟု သက်ဆင်က ဆိုသည်။ 

"ကျွန်တော် ဘယ်မှာလဲလို့ သူ မေးရင် ကျွန်တော်က သူ့စိတ်ထဲမှာ အမြဲရှိတယ်လို့ ကျွန်တော်ပြောမှာပါ။ သတင်းထောက်တွေက မေးတဲ့အခါ ဒါမှမဟုတ် လွှတ်တော်မှာ အချေအတင် ဆွေးနွေးတဲ့အခါ သူ့စိတ်ထဲမှာ ကျွန်တော်က ပထမဆုံးပဲ" ဟု သက်ဆင်က ပြောခဲ့သည်။

သက်ဆင်က ဝန်ကြီးချုပ်ပရာယွတ်ကို ခိုင်မာသည့်ဗျူဟာရှိရန် တိုက်တွန်းလိုက်ပြီး အကြံပေးလိုသည်ဟု ဆိုသည်။ 

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်က Pheu Thai ပါတီကို ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း (၂) ဦးဖြစ်သည့် သက်ဆင်နှင့် ၎င်း၏ညီမ ယင်လတ်ရှင်နာဝပ်တို့ကို ခေါ်လာရန်၊ အိမ်ပြန်လာပြီး နိုင်ငံ၏ပြဿနာများကို ဖြေရှင်းရန် စိန်ခေါ်ခဲ့ပြီးနောက် သက်ဆင်၏ ယခုပြောဆိုမှုများ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

လွှတ်တော်တွင် အချေအတင်ဆွေးနွေးမှု ပထမနေ့ဖြစ်သည့် ဇူလိုင်လ (၁၉) ရက်နေ့၌ ပရာယွတ်က ပြောဆိုဆွေးနွေးခဲ့သည်။ 

"ဝန်ကြီးချုပ်တစ်‌ယောက်အဖြစ် ကျွန်တော် အရာအားလုံးကို မသိပါဘူး။ ကျွန်တော်က အရာအားလုံးမှာ မကျွမ်းကျင်ပါဘူး။ ကျွန်တော်က ခင်ဗျားတို့ ပြောနိုင်တဲ့ အတော်ဆုံးပုဂ္ဂိုလ်တစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ အခု သူ (သက်ဆင်) က ဘယ်မှာလဲဗျ?" ဟု ဝန်ကြီးချုပ်ပရာယွတ်က အချေအတင်ဆွေးနွေးရာတွင် ပြောဆိုခဲ့သည်။

"ဒီရာထူးမှာ အရင်ကရှိခဲ့ဖူးသူအချို့ကို ခင်ဗျားတို့ သဘောကျနိုင်ပြီး ကျွန်တော်ထက် ပိုကောင်းတဲ့အလုပ်ကိုလုပ်လို့ သူတို့ကို ချီးကျူးနိုင်တာ ကျွန်တော်သိတယ်။ ရတယ်လေ။ ခင်ဗျားတို့ လုပ်နိုင်မယ်ဆိုရင် သူတို့ကို ပြန်သာခေါ်လာခဲ့ပါ" ဟု ပရာယွတ်က ဇူလိုင်လ (၁၉) ရက်နေ့တွင် ပြောခဲ့သည်။ 

သက်ဆင်က ClubHouse App တွင် မှတ်ချက်ပေးမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့စဥ် ဗိုလ်ချုပ်ကြီးပရာယွတ်က ၎င်း၏ပါးစပ်ကို လက်ညှိုးထိုးပြရင်း "ပြောတာက ပါးစပ်အတွက်ပဲလေ။ လူတွေက သူတို့လိုချင်တာ ပြောနိုင်တာပဲ" ဟု တုံ့ပြန်ခဲ့သည်။

သက်ဆင်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။ 

ထို့နောက် မြေယာဝယ်ယူမှုနှင့် ပတ်သက်၍ မလျော်ဩဇာသုံးမှုအတွက် တရားရုံးချုပ်က ပြစ်ဒဏ်မချမီ ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။ 

သက်ဆင်၏ညီမ ယင်လတ်မှာလည်း ၂၀၁၁ ခုနှစ်တွင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံး ဆုံးဖြတ်ချက်ဖြင့် သူမကို ရာထူးမှ ဖယ်ရှားခဲ့သည်။

ယင်လတ် ရာထူးမှ ဖယ်ရှားခံရပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ 

ထို့နောက် လယ်သမားများအတွက် အစိုးရ၏ စိုက်ပျိုးရေးချေးငွေကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှုကို လစ်လျူရှုခဲ့မှုဖြင့် ၂၀၁၇ ခုနှစ်အတွင်း တရားရုံးက ထောင်ဒဏ် (၅) နှစ် ပြစ်ဒဏ်မချမီ ယင်လတ်က နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။

Source: Bangkok Post