ကျောက်မဲမြို့တွင် အသံတိတ်သပိတ်ကို တန်ပြန်ရန် လူများ လမ်းပေါ်ထွက်ရေး အာဏာသိမ်းအဖွဲ့၏ ဌာနပေါင်းစုံက ဖိအားပေးနေ

ကျောက်မဲမြို့တွင် အသံတိတ်သပိတ်ကို တန်ပြန်ရန် လူများ လမ်းပေါ်ထွက်ရေး အာဏာသိမ်းအဖွဲ့၏ ဌာနပေါင်းစုံက ဖိအားပေးနေ
ဇန်နဝါရီ 31, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၁ ) ရက်နေ့၌ လမ်းများပေါ်တွင် လူများသွားလာနေစေရန်အတွက် ဌာနပေါင်းစုံက အကြောင်းမျိုးစုံဖြင့် ကြေညာချက်မျိုးစုံထုတ်၍ ဖိအားပေးလျှက်ရှိကြောင်း သိရသည်။ 

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက် (၁၀) နာရီမှစတင်၍ ညနေ (၄) နာရီအထိ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်များ ပြုလုပ်ပေးမည်ဟု ရပ်ကွက်ရုံးများက လော်စပီကာဖြင့် ညနေပိုင်းအထိ လိုက်လံကြေညာနေကြောင်း သိရသည်။

ထို့ပြင် အစိုးရဌာန မဟုတ်သည့် ရုံးများကိုလည်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ရုံးဖွင့်ကြရန်နှင့် ဝန်ထမ်းများအားလုံး ရုံးတက်ရောက်ခြင်းရှိ၊ မရှိကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးက လိုက်လံစစ်ဆေးမည်ဟု ဖိအားပေးထားကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကလည်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း တစ်ရက်တည်းသာ မီတာခများ လာရောက်ပေးဆောင်ကြရန်နှင့် လာမဆောင်ပါက မီးဖြတ်အရေးယူမည်ဟု ကြေညာထားသည်။