တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးအနောက် ဗုံး(၄)လုံး ဆက်တိုက်ကွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦး ဒဏ်ရာရ

တာချီလိတ်မြို့ရှိ ကြံ့ဖွံ့ပါတီရုံးအနောက် ဗုံး(၄)လုံး ဆက်တိုက်ကွဲပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 27, 2023 | 2021 Military Coup| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း ရွှေတိဂုံဘုရားလမ်းဘေးရှိ  ကြံ့ဖွံ့ပါတီရုံးအနောက်တွင် ဗုံး(၄)လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် (၃)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။

 ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်ကနေ ည(၉)နာရီ မိနစ်(၄၀)ဝန်းကျင်အချိန်အထိ ကြံ့ဖွံ့ပါတီရုံး၏ အနောက်တွင် ဗုံး(၁)လုံး ပထမအကြိမ် ပေါက်ကွဲမှုဖြစ်ပွား၍ လာရောက်ကြည့်သည့် မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်မှူး ဦးစိုင်းခမ်းဟိန်းမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိသည်ဟု သိရသည်။

"ဗုံးပေါက်လို့ လာကြည့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း နောက်ကွဲတဲ့ ဗုံးကြောင့် ဒဏ်ရာရသွားတယ်။ ဘေးအိမ်နားအထိ မှန်တွေလည်း ထိသွားတယ်။ ဒဏ်ရာရတဲ့လူတွေတော့ သိပ်မစိုးရိမ်ရဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပထမတစ်လုံးပေါက်ပြီးနောက် ဆက်တိုက်(၃)လုံး ထပ်မံ ပေါက်ကွဲမှုကြောင့်  မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်မှူး ဦးစိုင်းခမ်းဟိန်းမှာ မစိုးရိမ်ရသည့် ဒဏ်ရာရရှိခြင်းဖြစ်ပြီး ၎င်းနှင့်အတူ (၃)ဦး ဒဏ်ရာရရှိခြင်းဖြစ်သည်။

ပေါက်ကွဲမှုကြောင့် အာဏာသိမ်းစစ်အုပ်စု၏ စစ်တပ်၊ ရဲ နှင့် ပြည်သူ့စစ်တို့ အရပ်ဝတ်များဖြင့် ချက်ခြင်း ရောက်ရှိပြီး စစ်ဆေးကာ လမ်းကြိုလမ်းကြားများတွင် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။