တာချီလိတ်မြို့တွင် မိုင်းဖုန်းဆရာတော်၏ သာသနာနယ်မြေအတွင်း လွယ်ယွန်းခမ်း စေတီဝန်း၌ ကူကယ်ရမဲ့နေတဲ့  လှောင်အိမ်ထဲက တိရစ္ဆာန်များရဲ့ ဘဝ

တာချီလိတ်မြို့တွင် မိုင်းဖုန်းဆရာတော်၏ သာသနာနယ်မြေအတွင်း လွယ်ယွန်းခမ်း စေတီဝန်း၌ ကူကယ်ရမဲ့နေတဲ့  လှောင်အိမ်ထဲက တိရစ္ဆာန်များရဲ့ ဘဝ
ဖေဖော်ဝါရီ 23, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းဆရာတော်၏ သာသနာနယ်မြေအတွင်း မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင်ကျေးရွာရှိ လွယ်ယွန်းခမ်းတောင်ပေါ်  လွယ်ယွန်းခမ်း စေတီတော်ဝန်းအတွင်း တိရစ္ဆာန်ဥယျာဉ်သဖွယ် ထားရှိသည့် လှောင်အိမ်များထဲက တိရစ္ဆန်များမှာ အမှိုက်များနှင့် နေရပြီး ညစ်တီး ညစ်ပတ်ထားရှိသည့်အတွက် ကျန်းမာရေးအရပါ စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း လူမှုကွန်ယက်တွင် ဝေဖန်မှုများ မြင့်တက်နေသည်။

လွယ်ယွန်းခမ်း စေတီတော်ဝန်းအတွင်း  ဝက်ဝံ၊ ကြောင်ဝံပိုက်၊ ဖွတ်၊ ခွေးအ၊ စပါးကြီးမြွေ၊ လင်းယုန်ငှက်၊ သိုး၊ ဒေါင်း မျောက်၊ ပူး နှင့် ယုန်တို့ကို ခပ်ကျဉ်းကျဉ်း လှောင်အိမ်များဖြင့် ထားရှိပြီး လှောင်အိမ်အတွင်း အနံ့အသက်များ မကောင်းခြင်း အမှိုက်များအကြား တိရစ္ဆာန်များ၏ ကျန်းမာရေး စိုးရိမ်နေရခြင်းများနှင့် ပတ်သက်၍ တာချီလိတ်မြို့မှ Facebook အသုံးပြုသူအများစုက သက်ဆိုင်ရာ တာဝန်ရှိသူများ ကောင်းစွာစီမံဆောင်ရွက်နိုင်ရေးအတွက် မျှဝေဖော်ပြကြသည်ကို တွေ့ရသည်။

ထိုသို့ မျှဝေဖော်ပြထားရာတွင် အဆိုပါ တိရစ္ဆာန်များအပေါ် သနားဂရုဏာဖြင့် တာဝန်ရှိသူများ စီမံနိုင်ရန်  ဝေဖန်ချက်များ ရေးသားထားသည်ကိုလည်း တွေ့ရှိရာ ၎င်းတို့ ရေးသားထားသည့် မှတ်ချက်အချို့ကိုလည်း အောက်တွင်  ပြောဆိုသူများ၏ အမည်များကို ဖယ်ပြီး အဓိက အကြောင်းအရင်းကိုသာ ဖော်ပြလိုက်ပါသည်။ 

"အရင်က အစာလေး သွား သွားကျွေးပါတယ်။ ခုနောက်ပိုင်း ညစ်ပတ်နံစော်ပြီး သနားလည်း သနားလို့ ကြည့်ကို သွားမကြည့်ရဲဘူး။ မျောက်တစ်ကောင်ဆို မွေးခါစလေး လောင်အိမ်နဲ့အချိတ်လိုက် သေပြီးနံနေပြီ"

"အဲ့ကျောင်းကို သုံးခါလောက် ရောက်ဖူးတယ်။ ရောက်တိုင်းလဲ အကောင်တွေကို ကြည့်ပြီး စိတ်ဆင်းရဲတယ်။ ဝက်ဝံဆို သူ့ချီး သူ့သေးတောထဲ အိပ်နေရတာ။ မျောက်တွေလဲ ပလတ်စတိတ်တွေနဲ့ ပြည့်လျံနေတာပဲ တခြားမမြင်ရက်စရာ အကောင်တွေအများကြီးပဲ ယင်တအုံအုံနဲ့ အနံသက်လဲ မကောင်းဘူး အကောင်တွေကို တမင်လှောင်ထားပြီး နိပ်စက်နေသလား မသိဘူး အရမ်းသနားဖို့ကောင်းပါတယ် ရောက်ဖူးသူတိုင်းသိတယ်"



"ယုန်ပေါက်လေးတွေဆို သနားပါတယ် မျောက်လှောင်အိမ်ထဲမှာ မျောက်တွေ အဆော့ခံရတာများတော့ သေ သွားတာများကြီး"



"မြွေလေးတွေဆိုလဲ အစာတောင်စားရပုံမရဘူး သူတို့လေးတွေမြင်ရင်သနားလို့ သွားကိုမသွားဖြစ်တော့ဘူး.."



"လှောင်အိမ်ထဲထည့်ထားပြီး အစာမကျွေးနိုင်ရင် ဘာလို့မွေးထားတာလဲ တောထဲမှာတောင်သူတို့ဘာသာအစာရှာလို့ရသေးတယ်။ ဘုန်းကြီးကျောင်းဖြစ်ပြီး

မျောက်ပြဆန်တောင်းနေကြတာလား တိရစ္ဆာန်လေးတွေကိုသက်သက်မဲ့ညှင်းဆဲနေကြတယ်"



"ရောက်ဖူးတယ် အဲ့ဘုန်းကြီးကျောင်းကို တကယ်စိတ်ပျက်ဖို့လဲ ကောင်းတယ် တိရစ္ဆာန်လေးတွေကို ထားတာကလဲစုတ်ပြတ်သတ်နေတာပဲ.."



"သာသနာရေးမှ တာဝန်ရှိသူများ ဘယ်လိုဖြေရှင်းပေးမှာလဲ ဘုန်းကြီးကျောင်းလား တိရစ္ဆာန်ရုံလား ဖြစ်သင့်လား မဖြစ်သင့်ဘူးလား တွေးကြပြီး အမြန်ဆုံး ဖြေရှင်းပေးကြပါ"



"ကယ်လို့ရရင် ကယ်ပေးစေချင်တယ်ဗျာ။ သွားတိုင်း တကယ်စိတ်မကောင်းဖြစ်ရတယ်။ မြွေတွေသောက်တဲ့ရေဆိုတာကလည်း အင်ဂျင်ဝိုင် ထက်တောင် မဲ တဲ့ ရေတွေ သောက်ရတာပါ။ အကောင်အများစုက မသေယုံ သာသာပဲ ရှိတော့တယ် အမြန်ကယ်ပေးစေချင်တယ်"



"တစ်ကယ် အရမ်းစိတ်ဆင်းရဲဖို့ ကောင်းတယ်။ သွားတိုင်း စပါးကြီးတွေဆိုလည်း အနာတွေဖြစ်လို့ လှောင်အိမ်သေးသေးထဲ ( ၃ )ကောင်လောက် ပြုံထည့်ထားတာ။ သိန်းငှက်ဆိုလည်း သူ့သဘာဝတိုင်း မနေရဘဲ လှောင်အိမ်ထဲမှာနေ နေရတယ်။ သွားတိုင်း စိတ်ဆင်းရဲလို့ ကြာကြာတောင် မကြည့်ဘူး တခါတလေ ခိုးလွှတ်ပေးဦးမယ်တောင် တွေးမိတယ် နှိပ်စက်ထားသလိုပဲ.."

လွယ်ယွန်းခမ်းစေတီရှိ အဆိုပါ တိရစ္ဆာန်များနှင့် ပတ်သက်၍ အနီးစပ်ဆုံး သက်ဆိုင်သည့် တာချီလိတ်ခရိုင်/မြို့နယ် သာသနာရေးဦးစီးဌာန နှင့် တာချီလိတ်ခရိုင်/မြို့နယ် တိရစ္ဆာန်ဆေးကုသရေးနှင့်မွေးမြူရေးဦးစီးဌာန အပါအဝင် လွယ်ယွန်းခမ်းစေတီတော် အကျိုးဆောင် ဂေါပကတို့မှာ နှုတ်ဆိတ်နေလျက်ရှိကြသည်။

 

လွယ်ယွန်းခမ်း စေတီတော်အား ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က မိုင်းဖုန်းဆရာတော် ကိုယ်တိုင် ထီးတော်သစ်လှူခဲ့သေးသည်။ 

ထီးတင်ပွဲမတိုင်မီက တာချီလိတ်မြို့မှ လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက စေတီတော် ထီးတင်ရေးအတွက်သာ အဓိကထား လှူဒါန်းမှုများ ပြုလုပ်သော်လည်း အဆိုပါနေရာရှိ တိရစ္ဆာန်များအတွက်ကိုတော့ လစ်လျှူရှူထားသလိုဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဖော်ပြပါ ပုံများမှာ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ပုံများ ဖြစ်သည်။