အာဏာသိမ်းစစ်အုပ်စုကို ပံ့ပိုးနေသူ၊ လက်နက်ပွဲစား ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို EU ၏ ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ထပ်တိုးထည့်သွင်း

အာဏာသိမ်းစစ်အုပ်စုကို ပံ့ပိုးနေသူ၊ လက်နက်ပွဲစား ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခုကို EU ၏ ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ထပ်တိုးထည့်သွင်း
By Tachileik News Agency

မြန်မာအာဏာသိမ်းစစ်အုပ်စုကို စွမ်းအင်နှင့် လက်နက်ကိရိယာများ ပံ့ပိုးရေးကူညီနေသည့် စစ်တပ်အရာရှိနှင့် လူပုဂ္ဂိုလ် (၉)ဦး၊ အဖွဲ့အစည်း (၇)ခုတို့ကို  ဥရောပသမဂ္ဂက ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူသည့်စာရင်းတွင် ထပ်တိုးထည့်သွင်းလိုက်သည်။

အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန့်ကျင်ကြသည့် ပြည်သူများအား အာဏာသိမ်းအုပ်စုက အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းမှုကြောင့်  သေဆုံးခဲ့ရသည့် များစွာသောအရပ်သားများအနက် ပထမဆုံးဖြစ်ခဲ့သူ မမြသွဲ့သွဲ့ခိုင်၏ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် EU (ဥရောပသမဂ္ဂ)က (၆)ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့စာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသူများတွင် စွမ်းအင်ဝန်ကြီး၊ အာဏာသိမ်းစစ်အုပ်စုကို လက်နက်ကိရိယာများ၊ စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods)  ပံ့ပိုးပေးသည့် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင်များ ၊  စစ်အုပ်စုနှင့် အနီးကပ် ဆက်စပ်နေသည့် အာဏာသိမ်းစစ်တပ်မှ အဆင့်မြင့် အရာရှိများအပြင်  ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ဒီမိုကရေစီရေး လှုပ်ရှားသူ (၄) ဦးအား သေဒဏ်ပေး ကွပ်မျက်သည့် ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံရေးသမားများနှင့် အုပ်ချုပ်ရေးမှူးများ၊ ကချင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်ခြင်း၊ မီးရှို့မှုနှင့် စစ်တပ်မှ ကျူးလွန်သည့် လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူများလည်း ပါဝင်သည်ဟု သိရသည်။

  မြန်မာနိုင်ငံတွင်၂၀၂၁ ခုနှစ်   ဖေဖော်ဝါရီလ (၁) ရက်နေ့  စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကြာလသည်အထိ အာဏာသိမ်းအုပ်စုက ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် အာဏာသိမ်းအဖွဲ့ကို ကူညီပံ့ပိုးနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ပြစ်ဒဏ်ခတ်ပိတ်ဆို့ခြင်းခံရသည့် အဖွဲ့အစည်းများစာရင်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဌာနများနှင့် ယင်း၏ တရားစီရင်ပိုင်ခွင့် အောက်တွင် ရှိသည့်  နိုင်ငံပိုင် လုပ်ငန်းတစ်ခု အပြင်  စစ်တပ်သို့ လောင်စာဆီ၊ လက်နက်နှင့် ရန်ပုံငွေများ ပံ့ပိုးပေးနေသည့် ပုဂ္ဂလိကကုမ္ပဏီ များလည်း ပါဝင်သည်ဟု သိရသည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုက ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းမှုအပေါ်  ကူညီပံ့ပိုးနေ၍ ပြစ်ဒဏ်ခတ်ပိတ်ဆို့ခံရသည့်စာရင်းတွင် လူပုဂ္ဂိုလ်  စုစုပေါင်း (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့  ပြစ်ဒဏ်ပိတ်ဆို့ခံရသူများသည် ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း၊ ဖြတ်သန်းခြင်းစသည့် ခရီးသွားလာခွင့်၊ ဖြတ်သန်းခွင့်များ တားဆီးခံရသည့်အပြင် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်းနှင့် ရန်ပုံငွေရရှိခွင့်တို့ကိုပါ တားဆီးခံရခြင်းဖြစ်သည်။

အဆိုပါ ပိတ်ဆို့မှုများအပြင် ဥရောပသမဂ္ဂမှ အခြား ရေးယူဆောင်ရွက်ချက်များဖြစ်သည့် လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း တားမြစ်ပိတ်ပင်မှုများနှင့် ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ၊  စစ်တပ် နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များ အသုံးပြုသည့် စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု တားမြစ်ချက်၊ တပ်မတော်နှင့် စစ်ရေးလေ့ကျင့်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို   တားမြစ်ခြင်း များ အစရှိသည့် ကန့်သတ်ချက်များလည်း ဆက်လက်ရှိထားရှိမည်ဟု သိရသည်။

အဆိုပါ အရေးယူဆောင်ရွက်ချက်များသည် စစ်အစိုးရကို တရားဝင်ဖြစ်စေရန် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်သည့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအစိုးရအားဘဏ္ဍာရေးအကူအညီများ ရပ်တန့်ခြင်းနှင့် ဥရောပသမဂ္ဂ ၏အကူအညီအားလုံးကို ဆိုင်းငံ့ခြင်းအား ထပ်မံအားဖြည့်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖေါ်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်စေသည့် စစ်လက်နက် ပစ္စည်းများရောင်းချခြင်းနှင့် လွှဲပြောင်းခြင်းတို့ကို ရပ်တန့်စေရန်အတွက် လက်နက်ပိတ်ဆို့မှုအား တိုးမြှင့်လုပ်ဆောင်ရန် ဥရောပသမဂ္ဂက နိုင်ငံတကာကို ထပ်မံတောင်းဆိုထားသည်။