ပြည်သူကိုသတ်နေသည့် ဒုစစ်ခေါင်းဆောင်က လူသားအချင်းချင်း မေတ္တာထားရှိရန်ပြောဆို

ပြည်သူကိုသတ်နေသည့် ဒုစစ်ခေါင်းဆောင်က လူသားအချင်းချင်း မေတ္တာထားရှိရန်ပြောဆို

နိုင်ငံတဝှမ်း မြို့၊ ရွာများကို ဖျက်ဆီးကာ ပြည်သူများအား သတ်ဖြတ်ခိုင်းနေသည့် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက လူသားအချင်းချင်း မေတ္တာထားရှိကြရန် ပြောဆိုသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Holy Cathedral Church၌ ပြုလုပ်သည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ 

၎င်းက ဘာသာတိုင်းတွင် မေတ္တာ ကရုဏာ စာသားမပါ မဖြစ် ပါရှိကြသဖြင့် မေတ္တာသည် အရာရာတိုင်းကို ကျော်လွှားနိုင်သော ထိုးဖောက်နိုင်သော အင်အားကြီးမားသည့် အရာတစ်ခုဖြစ်သည်ဟု ဆိုသည်။

ငြိမ်းချမ်းခြင်းကို မေတ္တာဖြင့်သာ အနိုင်ယူစေနိုင်မှာဖြစ်ပြီး လူသားအချင်းချင်း မေတ္တာထားရှိကြရေး၊ ကရုဏာထားရှိကြရေး ဆရာတော်ကြီးများနှင့် ဘာသာဝင်ပုဂ္ဂိုလ်များ အားလုံးက ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးသလို အခြားဘာသာဝင်နှင့် ဘာသာဝင် မဟုတ်သူများကိုလည်း လိုက်နာကျင့်သုံးနိုင်ရေး စည်းရုံးပြောဆိုကြရမည်ဖြစ်သည်ဟု ပြောသည်။

မေတ္တာခြုံလုံပါကြောင်း၊ လူသားတစ်ဦးချင်း၊ မိသားစုတစ်စုချင်းမှ လူ့အသိုင်းအဝိုင်းတစ်ခုလုံး၊ နိုင်ငံတော်ကြီး၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြောင်း ပြောဆိုသည်။

အဆိုပါပွဲကို ခရစ်ယာန်အသင်းတော်များကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ သီလရှင်များ၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော် သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ ဆရာတော်ကြီးများ၊ ခရစ်ယာန် သာသနာအဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်သည်ဟု သိရသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့အထိ စစ်ကောင်စီကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၄၂၆၅)ဦးရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဖော်ပြထားသည်။

အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၀၀)ဝန်းကျင် စာရင်းကိုလည်း သီးခြားပြုစုထာပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅,၆၀၀)ဦးရှိပြီး ထိုအထဲမှ (၁၉,၈၀၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈,၃၈၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု သိရသည်။

#TachileikNewsAgency