ယခုလအတွင်း ပြန်လည် ဖွင့်လှစ်မည့် တာချီလိတ် - မယ်ဆိုင်အကြား အမှတ်(၁)တံတားပေါ် ပြင်ဆင်နေ

ယခုလအတွင်း ပြန်လည် ဖွင့်လှစ်မည့် တာချီလိတ် - မယ်ဆိုင်အကြား အမှတ်(၁)တံတားပေါ် ပြင်ဆင်နေ
ဖေဖော်ဝါရီ 15, 2023 | ရှမ်းရှေ့

 Covid-19 ကာလ နှင့် အာဏာသိမ်းကာလ ရောနှောပြီး (၃)နှစ်ဝန်းကျင်အကြာ ပိတ်ထားခဲ့သည့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ဖွင့်လှစ်ရန် အမိန့်ကျထားပြီဖြစ်ပြီး ယခုအခါ ပြင်ဆင်မှုများနှင့်အတူ မြန်မာ - ထိုင်း အစည်းအဝေး ပြုလုပ်ရန်လည်း ပြင်ဆင်နေပြီဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ်၏ ရှမ်း(ရှေ့)ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ၏ တတိယပတ်အတွင်း၌ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းတုံ ခရီးစဉ်များရှိနေပြီး ယင်းခရီးစဉ်အတွင်းဖြစ်သည့် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့တို့တွင် အမှတ်(၁)တံတား ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

ရှမ်း(ရှေ့)ခရီးစဉ်အဖြစ် ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ လူကြီးလမ်းကြောင်းရှိသည်ဟုဆိုကာ လမ်းဘေးဈေးသည်များ ဈေးမရောင်းရန်လည်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက တားမြစ်ထားကြောင်းလည်း ကြားသိရသည်။



တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ပြန်လည်ဖွင့်လှစ်သည့်အခါ နှစ်ဖက် သတ်မှတ်ချက်များ အဆင်ပြေနိုင်ရန်အတွက် မြန်မာ - ထိုင်း ခရိုင်/မြို့နယ် အဆင့် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 11 Hotel ၌ ကျင်းပရန် စီစဉ်ထားရှိသည်။

ယခုအတွင်လည်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်တွင် ဖြူနီဝါမျဉ်းများကို ဆေးသစ်သုတ်ခြင်းများလည်း လုပ်ဆောင်နေသည်။