ညမထွက်ရအမိန့် ထုတ်ထားသည့် တာချီလိတ်မြို့တွင် ရပ်ကွက်အတွင်း ဆဲဆိုပြီး သေနတ်ဖြင့် ပစ်ဖောက်သွား

ပုံအညွှန်း - ဧပြီလ(၂၃)ရက်နေ့အကူးပိုင်းက ပစ်ခတ်သွားသည့်နေရာတွင် ကျန်ရစ်ခဲ့သည့် ကျည်ဆံအခွံ
ပုံအညွှန်း - ဧပြီလ(၂၃)ရက်နေ့အကူးပိုင်းက ပစ်ခတ်သွားသည့်နေရာတွင် ကျန်ရစ်ခဲ့သည့် ကျည်ဆံအခွံ
ညမထွက်ရအမိန့် ထုတ်ထားသည့် တာချီလိတ်မြို့တွင် ရပ်ကွက်အတွင်း ဆဲဆိုပြီး သေနတ်ဖြင့် ပစ်ဖောက်သွား
ဧပြီ 23, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ညမထွက်ရ အမိန့်ထုတ်ထားသော်လည်း အမည်မသိ ဆိုင်ကယ်စီး လူ(၂)ဦးက ရပ်ကွက်တွင်း ဝင်ရောက် ဆဲဆိုပြီး သေနတ်ဖြင့် ပစ်ဖောက်သွားမှု ၂၀၂၁ခုနှစ် ဧပြီလ(၂၃)ရက်နေ့အကူး နံနက်(၁)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်းသွယ်(၂)တွင် အမျိုးသား(၂)ဦးမှ ဆိုင်ကယ်ဖြင့် လာရောက်ပြီး အော်ဟစ်ဆဲဆိုကာ သေနတ်ဖြင့် တစ်ချက် ပစ်ဖောက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

"အမျိုးသား(၂)ဦးပဲ ဆိုင်ကယ်နဲ့လာပြီး အော်ဆဲပြီး ပစ်သွားတာ။ ရုတ်တရက်ထွက်ကြည့်တော့ သူတို့လည်း ဆဲပြီး ထွက်သွားတယ်။ နောက်တစ်ခေါက်လည်း ထပ်ပြန်လာပြီး ခဏက ဘယ်သူထွက်ကြည့်တာလဲဆိုပြီး အော်ပြောသေးတယ်။ အဲ့ချိန် ဘယ်သူမှ မထွက်ကြည့်ရဲတော့လို့"ဟု မြင်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၃)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ရထားသည့်   KTV နှင့် ကလပ်များသို့ သွားရောက်သူများ နှင့် လှည့်ကင်းရဲများသာ ညပိုင်းထွက်လေ့ရှိကြောင်း သိရသည်။