ထိုင်းနိုင်ငံတွင် (၄၃) ပေနက်သည့် ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ၏ (၁၉) လအရွယ် သမီးလေးကို (၁၈)နာရီအကြာတွင် ကယ်ထုတ်နိုင်ခဲ့

ထိုင်းနိုင်ငံတွင် (၄၃) ပေနက်သည့် ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် မြန်မာအလုပ်သမား ဇနီးမောင်နှံ၏ (၁၉) လအရွယ် သမီးလေးကို (၁၈)နာရီအကြာတွင် ကယ်ထုတ်နိုင်ခဲ့
By Mr John

 ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ၏ အသက် (၁၉) လအရွယ် မိန်းကလေးငယ်တစ်ဦး ကျဥ်းမြောင်းသည့် ရေတွင်းတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ရာ (၁၈) နာရီကြာ ညလုံးပေါက် ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီးနောက် နောက်ဆုံးတွင် ဘေးအန္တရာယ်ကင်းကင်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ထိုကလေးငယ်မှာ Tak ပြည်နယ် Phop Phra ခရိုင်အတွင်း ပလောပီနံစိုက်ခင်းတစ်ခုရှိ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

(၄၃) ပေ နက်သည့် ရေတွင်းထဲသို့ ကျရောက်သွားသည့် မိန်းကလေးငယ်ကို ဖေဖေါ်ဝါရီလ (၇) ရက် နံနက် (၁၀) နာရီ (၄၅) မိနစ်ဝန်းကျင်တွင် ကယ်ဆယ်ရေးသမားများက ကယ်ထုတ်နိုင်ခဲ့သည်။

ကလေးငယ်မှာ ကြောက်လန့်တုန်လှုပ်နေသည်မှလွဲ၍ ဘေးအန္တရာယ်ကင်းကြောင်းနှင့် သူမကို Phop Phra ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီးမောင်နှံ၏ လမ်းလျှောက်ခါစ ကလေးငယ်မှာ Khiri Rat အရပ် Romklao Charoensuk ကျေးရွာရှိ ပလောပီနံစိုက်ခင်းတစ်ခုတွင် ဖေဖေါ်ဝါရီလ (၆) ရက် မွန်းလွဲပိုင်းက ဆော့ကစားနေစဥ် အကျယ် (၃၀) စင်တီမီတာ (၁ ပေခန့်) ရှိ ရေတွင်းထဲသို့ ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။

သူမ၏ မိဘများမှာ နေချို နှင့် အသံဟုသာ နာမည်များကို သိထားရပြီး ၎င်းတို့သည် ပလောပီနံစိုက်ခင်းတွင် အလုပ် လုပ်ကိုင်ကြသည်။

ကလေးငယ်ကို နေရာအနှံ့ရှာဖွေရာတွင် မတွေ့၍ နောက်ပိုင်းတွင်မူ မကြာသေးမီက အသစ်တူးထားသော ရေတွင်းထဲသို့ ပြုတ်ကျသွားနိုင်ကြောင်း ယူဆခဲ့ကြပြီး မြန်မာအလုပ်သမားများက ရေတွင်းပတ်လည်တွင် စုရုံးနေကြချိန် ရဲတပ်ဖွဲ့ နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကြသည်။

ရေတွင်းထဲတွင် မိန်းကလေးငယ်၏ ငိုသံကို ကြားခဲ့ရသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့က အသေးစား ကင်မရာတစ်လုံးကို ကြိုးတစ်ချောင်းတွင် တပ်ဆင်ပြီး ရေတွင်းထဲသို့ ‌လျှောချ၍ ကင်မရာကနေ တဆင့်ကြည့်ရာ ရေတွင်းအောက်ခြေတွင် ဖြည်းညှင်းစွာ ရွေ့လျားနေသည့် မိန်းကလေးငယ်ကို တွေ့ရှိအတည်ပြုနိုင်ခဲ့ကြသည်။

အတည်ပြုနိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့က ရေတွင်းထဲသို့ အောက်စီဂျင်ပိုက် ချက်ချင်းချပေးခဲ့ပြီး ရေတွင်းပေါက်ဝနေရာမှ မြေကြီးများ ပြို မကျစေရန် ကြီးမားသည့် PVC ပိုက်လုံးတစ်လုံးကို ရေတွင်းပေါက်ဝထဲသို့ ကနဦး ထည့်သွင်းခဲ့သည်။

ထို့နောက် စက်ယန္တရားများဖြင့် ရေတွင်းပတ်လည်မှ မြေကြီးများကို တူးဖော်ပြီး ကလေးငယ်ကို ကယ်ထုတ်ရန် လုပ်ဆောင်ခဲ့ကြသည်။

ကယ်ဆယ်ရေးကို ညလုံးပေါက် လုပ်ဆောင်ခဲ့ကြပြီး အရေးပေါ် လူနာတင်ကားတစ်စီးကိုလည်း အသင့်ပြင်ဆင်ထားခဲ့သည်။

နောက်ဆုံးတွင် (၁၉) လ သမီးလေးကို ဖေဖေါ်ဝါရီလ (၇) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၄၅) မိနစ်တွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

 

Source: Bangkok Post

Photo: Thai PBS, Addy Chaiyadech, Nation Tv