စစ်အာဏာရှင် ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် ဒူဘိုင်းတွင် ကွယ်လွန်

ရှေ့ဆုံးတွင် တွေ့ရသည့် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ်မူရှာရက်ဖ်  [ Photo:  REUTERS/Mian Khursheed ]
ရှေ့ဆုံးတွင် တွေ့ရသည့် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ်မူရှာရက်ဖ် [ Photo: REUTERS/Mian Khursheed ]
 စစ်အာဏာရှင် ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် ဒူဘိုင်းတွင် ကွယ်လွန်
ဖေဖော်ဝါရီ 5, 2023 | နိုင်ငံတကာသတင်း
By Mr John

ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက်ဇ်မူရှာရက်ဖ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကွယ်လွန်ခဲ့ကြောင်း ပါကစ္စတန်သံတမန်က အတည်ပြုသည်။ 

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း မူရှာရက်ဖ်မှာ နိုင်ငံမှထွက်ခွာသွားခဲ့ပြီးနောက် နှစ်များအကြာ အသက် (၇၉) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

သမ္မတဟောင်းမူရှာရက်ဖ် ကွယ်လွန်ခဲ့ကြောင်း ဒူဘိုင်းမြို့ရှိ ပါကစ္စတန်ကောင်စစ်ဝန်ရုံးနှင့် အဘူဒါဘီမြို့ရှိ ပါကစ္စတန်သံရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် Shazia Siraj က Reuters သတင်းဌာနကို အတည်ပြုခဲ့သည်။ 

မူရှာရက်ဖ်၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်ရန် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် အထူးလေယာဥ်တစ်စီး ဒူဘိုင်းသို့သွားရောက်မည်ဟု Geo News က ဖော်ပြသည်။

ပါကစ္စတန်စစ်တပ်မှ ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်က ၁၉၉၉ ခုနှစ် သွေးထွက်သံယို အာဏာသိမ်းမှုနှင့်အတူ အာဏာရလာခဲ့သူ ဖြစ်သည်။

 ၎င်းက စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရှေးရိုးစွဲ မွတ်စလင်မ်နိုင်ငံကို အလယ်အလတ်လမ်းစဥ် ဖြစ်စေရန် ကြိုးပမ်းခဲ့သည်။ 

မူရှာရက်ဖ်မှာ နှစ်အများအပြားကြာ လူထုထောက်ခံမှု အခိုင်အမာရရှိခဲ့ပြီး အယ်လ်ကေဒါအကြမ်းဖက်အုပ်စုနှင့် အခြား အစ္စလာမ်မစ်စစ်သွေးကြွများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ခဲ့သည်။ ၎င်းတို့က မူရှာရက်ဖ်ကို လုပ်ကြံသတ်ဖြတ်ရန် အနည်းဆုံး (၃) ကြိမ် ကြိုးပမ်းခဲ့ကြသည်။

၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အယ်လ်ကေဒါအုပ်စုက လေယာဥ်ပျံပေးဆွဲပြီး အသေခံ တိုက်ခိုက်မှုများအပြီးတွင် ထိုစဥ်က ပါကစ္စတန်သမ္မတဖြစ်သူ မူရှာရက်ဖ်က အမေရိကန်နှင့်အတူလက်တွဲကာ အကြမ်းဖက်သမားများကို စစ်ကြေညာခဲ့သည်။ 

ကုန်းတွင်းပိတ် အာဖဂန်နစ္စတန်နိုင်ငံတွင် ခြေကုပ်ယူထားသည့် အယ်လ်ကေဒါစစ်သွေးကြွများကို ချေမှုန်းရေးတွင် အမေရိကန်တပ်ဖွဲ့များ ပါကစ္စတန်၏ မြေပြင်နှင့်ဝေဟင်ပိုင်နက်ကို အသုံးပြုရန် မူရှာရက်ဖ်က ခွင့်ပြုခဲ့သည်။

မူရှာရက်ဖ်က ၎င်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများရှိလာခဲ့ပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ် နိုဝင်ဘာလတွင် ပါကစ္စတန်နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ခဲ့သည်။ 

ထို့အပြင် တရားသူကြီးချုပ်ကို အစားထိုးခဲ့ပြီး လွတ်လပ်သည့် ရုပ်မြင်သံကြားသတင်းဌာနကိုများကို ပိတ်ပစ်ခဲ့သည်။ 

မူရှာရက်ဖ်က အစ္စလာမ်မစ်အစွန်းရောက်များ အားကောင်းလာမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံတည်ငြိမ်မှုရှိစေရန် ထိုသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း‌ ပြောခဲ့သည်။

နောက်ပိုင်းတွင် အမေရိကန်နှင့် အနောက်အုပ်စု၏ ဖိအားပေးမှုများကြောင့် မူရှာရက်ဖ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီး ရွေးကောက်ပွဲများ ကျင်းပမည်ဟု ကြေညာကာ ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ၎င်း၏ ပါတီက ဆိုးရွားရွာ ရှုံးနိမ့်ခဲ့သည်။ 

အာဏာရ ညွန့်ပေါင်းအုပ်စုက ၎င်းကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှဖြုတ်ချရန် စီစဥ်လာခဲ့ပြီးနောက် ၂၀၀၈ ခုနှစ် ဩဂုတ်လတွင် မူရှာရက်ဖ်က သမ္မတရာထူးမှ ဆင်းပေးခဲ့ရသည်။

ထို့နောက် မူရှာရက်ဖ်က နိုင်ငံမှ ထွက်ခွာသွားခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန် ရည်ရွယ်ချက်နှင့် ပြန်လာခဲ့သေးသည်။

 သို့သော် ၎င်း အာဏာရရှိထားချိန်နှင့် ဆက်စပ်နေသော တရားရုံးအမှုကိစ္စများတွင် ငြိစွန်းခဲ့ရာ မူရှာရက်ဖ်၏ ရွေးကောက်ပွဲဝင်မည့် အစီအစဥ် ပျက်ပြားခဲ့ရသည်။ 

မူရှာရက်ဖ်က နိုင်ငံမှ ပြန်ထွက်သွားခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လကတည်းက ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် နေထိုင်ခဲ့သည်။

ပါကစ္စတန်တရားရုံးချုပ်က ၎င်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားမှု ပယ်ဖျက်ပေးခဲ့ပြီး ဆေးကုသရန် နိုင်ငံမှထွက်ခွာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ 

၂၀၁၉ ခုနှစ်တွင်မူ မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် မျက်ကွယ် သေဒဏ်ချမှတ်ခဲ့သည်။ 

ထိုသေဒဏ်ကို နောက်ပိုင်းတွင် ပယ်ဖျက်ပေးခဲ့သည်။ 

ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ်က Sehba Musharraf နှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦးနှင့် သမီးတစ်ဦးရှိကြောင်း သိရသည်။

Source: Reuters, CNN