ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ပြည်တွင်းမှ စက်သုံးဆီများ ပထမဆုံးတင်သွင်းမှု ရောက်ရှိလာပြီဖြစ်ပြီး ဆက်လက် တင်သွင်းသွားမည်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ပြည်တွင်းမှ စက်သုံးဆီများ ပထမဆုံးတင်သွင်းမှု ရောက်ရှိလာပြီဖြစ်ပြီး ဆက်လက် တင်သွင်းသွားမည်
စက်တင်ဘာ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွက် ပြည်တွင်းမှ စက်သုံးဆီများ ပထမဆုံးတင်သွင်းမှု ရောက်ရှိလာပြီဖြစ်ပြီး ဆက်လက် တင်သွင်းသွားမည်
COVID-19 ရောဂါအခြေအနေကြောင့် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ကုန်စည်စီးဆင်းမှု အကန့်အသတ်ဖြစ်လာချိန်၌ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စက်သုံးဆီပြတ်လက်မှုမရှိစေရန်အတွက် ပြည်တွင်းမှ စက်သုံးဆီ စတင်တင်သွင်းလာပြီဖြစ်ပြီး ဆက်လက်၍လည်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းမှ စက်သုံးဆီများကို ပထမဆုံးအကြိမ်အဖြစ် တောင်ကြီးမြို့သို့ သွားရောက်သယ်ယူသည့်  ကျိုင်းတုံခရိုင်အတွင်း နှင့် တာချီလိတ်ခရိုင်အတွင်းမှ ဆီဘောက်ဆာယာဉ် (၁၁) စီးမှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၂၃) ရက်နေ့ တွင် တာချီလိတ်သို့ ပြန်ရောက်လာပြီဖြစ်ပြီး လမ်းခရီးသယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့သည့်အပြင် စက်သုံးဆီအရည်အသွေးလည်း ကောင်းမွန်သဖြင့် ပြည်တွင်းမှ ဆက်လက်တင်သွင်းသွားဖြစ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရအဖွဲ့ကရော၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးကရော ကိုယ့်မြန်မာပြည်က စက်သုံးဆီကိုပဲ အဓိကထားပြီး သုံးစွဲဖို့ညွှန်ကြားလာပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်ကစက်သုံးဆီကိုပဲသုံးစွဲဖို့ ကျွန်တော်တို့အသင်းက ကြိုးစားသွားမှာပါ။ မဟုတ်လို့ရှိရင် ကျွန်တော်တို့က တစ်ဖက်နိုင်ငံကိုအားကိုးရတဲ့ပုံစံဖြစ်နေပါတယ်”ဟု တာချီလိတ်မြို့နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌ ဦးနေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့မှတစ်ဆင့် သယ်ယူလာသည့် ပြည်တွင်းမှစက်သုံးဆီများအား ဆီအရည်အသွေး တိုင်းတာစစ်ဆေးရာတွင် ဒီဇယ်ဆီမှာ ထိုင်းနိုင်ငံမှ တင်သွင်းသော ဆီအရည်အသွေးနှင့် ကွာဟမှု မရှိသော်လည်း OCTINE ဆီတွင် မြန်မာပြည်တွင်းမှတင်သွင်းသည့်ဆီအရည်အသွေးမှာ ထိုင်းနိုင်ငံမှတင်သွင်းသောဆီထက် ပိုမိုကောင်းမွန်နေသည့်အပြင် ဈေးနှုန်းမှာလည်း လက်ရှိဈေးအတိုင်း ရောင်းချနိုင်ကြောင်း သိရသည်။
“သွားရတာယာဉ်တန်းနဲ့ဆိုတော့ ဘယ်ဂိတ်မှာမှ အခက်အခဲမရှိဘူး။ အားလုံးအဆင်ပြေတယ်။ဖြတ်သွားတဲ့မြို့တွေတိုင်းက ကြိုဆိုကြတော့ ဝမ်းသာပါတယ်။ အမောပြေတာပေါ့ဗျာ”ဟု တောင်ကြီးမြို့သို့ စက်သုံးဆီသွားရောက်သယ်ယူသည့် ကိုတိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲရေးကော်မတီတို့၏ ပူးပေါင်းကူညီမှုဖြင့် တောင်ကြီးမြို့မှ စက်သုံးဆီများကို ပထမဆုံးအကြိမ် စတင်သယ်ယူခဲ့ခြင်းဖြစ်ပြီး ထပ်မံသယ်ယူရန်စီစဉ်နေသည့်အပြင် မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့တို့မှ စက်သုံးဆီလုပ်ငန်းရှင်များကလည်း တာချီလိတ်မြို့သို့ စက်သုံးဆီများတင်ပို့ရန် ကမ်းလှမ်းမှုများရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~