ဘန်ကောက်မြို့တွင် ထိုင်ဝမ်မင်းသမီးကို တားဆီးစစ်ဆေးပြီး ငွေတောင်းယူသည့်အတွက် ထိုင်းရဲတပ်ဖွဲ့ဝင်များအား လာဘ်ယူမှုဖြင့် စွဲချက်တင် 

  ထိုင်ဝမ် မင်းသမီး ကိုယ်စား ငွေပေးခဲ့ရသည့် စင်ကာပူအမျိုးသား "Sky" နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ယခုကိစ္စအတွက် ဖေဖော်ဝါရီလ(၁)ရက်နေ့က တွေ့ဆုံကြစဉ် [ Photo: ผู้พิทักษ์ ]
ထိုင်ဝမ် မင်းသမီး ကိုယ်စား ငွေပေးခဲ့ရသည့် စင်ကာပူအမျိုးသား "Sky" နှင့် ထိုင်းရဲတပ်ဖွဲ့တို့ ယခုကိစ္စအတွက် ဖေဖော်ဝါရီလ(၁)ရက်နေ့က တွေ့ဆုံကြစဉ် [ Photo: ผู้พิทักษ์ ]
ဘန်ကောက်မြို့တွင် ထိုင်ဝမ်မင်းသမီးကို တားဆီးစစ်ဆေးပြီး ငွေတောင်းယူသည့်အတွက် ထိုင်းရဲတပ်ဖွဲ့ဝင်များအား လာဘ်ယူမှုဖြင့် စွဲချက်တင် 
ဖေဖော်ဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက် နံနက်အစောပိုင်းက ထိုင်ဝမ်မင်းသမီးနှင့် သူမ၏ ခရီးသွားဖော်အုပ်စုကို ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း စွပ်စွဲခံရမှုနှင့် ဆက်စပ်၍ Huai Khwang ဘူတာရုံ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၆) ဦးကို လာဘ်ယူမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။ 

ထိုင်းရဲတပ်ဖွဲ့မှ ရဲဗိုလ်ကြီး (၂) ဦး၊ ရဲတပ်ကြပ်ကြီး (၁) ဦးနှင့် ရဲတပ်ကြပ် (၃) ဦးတို့ကို လာဘ်ယူမှုဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ထိုစွဲချက်များမှာ လာဘ်ပေးလာဘ်ယူမှုဆိုင်ရာ ရာဇဝတ်မှုဥပဒေ ပုဒ်မ (၁၄၉) အရ ထောင်ဒဏ်တစ်သက်နှင့် ငွေဒဏ် ဘတ် (၄၀၀,၀၀၀) အထိ ချမှတ်ခံရနိုင်သည်။ 

စစ်ဆေးရေးဂိတ်တွင် တာဝန်ကျသည့် နောက်ထပ် ရဲတပ်ကြပ်ကြီးတစ်ဦးကိုမူ ထိုအချိန်က အခြားဖြစ်ရပ်တစ်ခုအတွက် ဆောင်ရွက်နေခဲ့မှုကြောင့် စွဲချက်မတင်ခဲ့ကြောင်း သိရသည်။

အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များကို ထိုင်ဝမ်မင်းသမီးနှင့် သူမ၏ ခရီးသွားဖော် အုပ်စုထံတွင် တရားမဝင် အီးစီးကရက် (Electronic cigarette or vaping device) လက်ဝယ်ပိုင်ဆိုင်မှုအတွက် ဥပဒေအတိုင်း အရေးယူဆောင်ရွက်ခြင်းမပြုဘဲ တာဝန်ပျက်ကွက်ခဲ့မှုဖြင့်သာ စွဲချက်တင်ခဲ့သည်။ 

သို့သော် စင်ကာပူအမျိုးသားတစ်ဦးက ထိုင်ဝမ်မင်းသမီး Charlene An ပါဝင်သော ခရီးသွားအုပ်စု လွတ်မြောက်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များကို ဘတ် (၂၇,၀၀၀) ပေးခဲ့ရကြောင်း ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် သတင်းထောက်များကို ထုတ်ဖော်ပြောခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင် (၆) ဦးကို လာဘ်ယူမှုဖြင့် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

အသက် (၃၃) နှစ်အရွယ် ထိုင်ဝမ်းမင်းသမီးက ရဲများကို လာဘ်ထိုးခဲ့ရကြောင်း ထုတ်ဖော်ပြောခဲ့သူနှင့် နိုင်ငံရေးသမားဟောင်း Chuvit Kamolvisit တို့ကို ယခုဖြစ်ရပ်တွင် သူမနှင့်အတူ ရပ်တည်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ဗီဒီယိုတစ်ခုတင်၍ ပြောခဲ့သည်။ 

နိုင်ငံရေးသမားဟောင်း Chuvit နှင့် "Sky" ဟုသာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့သည့် အသက် (၂၉) နှစ်အရွယ် စင်ကာပူအမျိုးသားတို့က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး Huai Khwang ခရိုင်ရှိ စစ်ရေးဆေးဂိတ်တွင် ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်ကို ထုတ်ဖော်ပြောခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးရေးဂိတ်တစ်ခုတွင် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များက အလည်အပတ် ရောက်ရှိနေသည့် ထိုင်ဝမ်မင်းသမီးတစ်ဦးထံမှ ခြိမ်းခြောက်ငွေညှစ်ခဲ့မှုအတွက် ထိုင်းနိုင်ငံ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ဇန်နဝါရီလ (၃၁) ရက်နေ့တွင် တောင်းပန်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ပြောခဲ့သည်။ 

"ခရီးသွားတွေ အပါအဝင် ပြည်သူအားလုံးအနေနဲ့ ရဲတပ်ဖွဲ့ကို ယုံကြည်မှုရှိကြစေချင်ပါတယ်" ဟု ထိုင်းရဲချုပ်က ဆိုသည်။ 

ဆက်စပ်သတင်းတစ်ရပ်အရ စွဲချက်တင်ခံရသည့် ရဲတပ်ဖွဲ့ဝင် (၆) ဦး၏ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်ကြောင်းနှင့် ဘန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲက မြို့တော်တွင် အလွယ်တကူ ဝယ်ယူရရှိနေသော တရားမဝင် အီးစီးကရက်များကို နှိမ်နင်းရန် အမိန့်ပေးထားကြောင်း သိရသည်။

Source: Bangkok Post