ရုရှားက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လူနေအဆောက်အအုံကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး ဒဏ်ရာရ

ရုရှားက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် လူနေအဆောက်အအုံကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး ဒဏ်ရာရ
ဖေဖော်ဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းကို အပြင်းအထန် ထိုးစစ်ဆင်နေသည့် ရုရှားတပ်ဖွဲ့များက Kramatorsk မြို့လယ်ရှိ လူနေအဆောက်အအုံတစ်ခုကို ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ (၃) ဦး သေဆုံးပြီး (၂၀) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 Kramatorsk မြို့မှာ ယူကရိန်းအရှေ့ပိုင်း စက်မှုနယ်မြေ Donetsk တွင် တည်ရှိသည်။

အမေရိကန်နှင့် ဂျာမနီတို့ထံမှ ပေးပို့လာမည့် တိုက်ပွဲဝင် တင့်ကားများနှင့် သံချပ်ကာယာဥ်များ ယူကရိန်းသို့ ရောက်ရှိ မလာမီ ရုရှားတပ်ဖွဲ့များက ထိုးစစ် အရှိန်မြှင့်နေခြင်းလည်း ဖြစ်သည်။ 

ရုရှားက Donetsk နယ်မြေရှိ Bakhmut မြို့၏ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ထိုးစစ်ဆင် ချဥ်းကပ်နေကြောင်း ကြေညာထားသည်။ 

Bakhmut မြို့နှင့် အနီးအနားရှိ မြို့ငယ်နှင့်ကျေးရွာ (၁၀) ရွာကို ရုရှားက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ယူကရိန်းစစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက် နှောင်းပိုင်းတွင် ပြောသည်။ 

ရုရှားတပ်ဖွဲ့များက Bakhmut မြို့ကို လနှင့်ချီကြာ ဗုံးကြဲတိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း လုပ်ဆောင်နေခဲ့သည်။

ရုရှား၏ အဓိက ပစ်မှတ်တစ်ခုဖြစ်သည့် Maryinka မြို့အနီးရှိ Avdiivka မြို့နှင့် အနီးအနားရှိ အချို့ လူနေဒေသများလည်း တိုက်ခိုက်ခံခဲ့ရကြောင်း ယူကရိန်းစစ်တပ်က ဖြည့်စွက်ပြောသည်။  

ရုရှားက ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ညပိုင်းတွင် Bakhmut မြို့၏ အနောက်မြောက်ဘက် (၃၄) မိုင်အကွာရှိ Kramatorsk မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် လူနေအဆောက်အအုံတစ်ခု ပြိုကျပျက်စီးခဲ့ပြီး အခြား (၇) ခုလည်း ပျက်စီးမှုဖြစ်ခဲ့ကြောင်းနှင့် အနည်းဆုံး လူ (၃) ဦး သေဆုံးပြီး (၂၀) ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားက ကျူးကျော်တိုက်ခိုက်မှုနှင့်အတူ စတင်ဖြစ်ပွားခဲ့သည့် ရုရှား-ယူကရိန်း စစ်ပွဲကာလမှာ မကြာမီ (၁) နှစ်ပြည့်မည်ဖြစ်သည်။ 

စစ်ပွဲအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရမှု အခြေအနေကို ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံလုံးက ပုံမှန်ထုတ်ပြန်ခြင်း မရှိသော်လည်း အမေရိကန်၊ နော်ဝေ အစရှိသည့် နိုင်ငံများ၏ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများက စစ်ပွဲအတွင်း ရုရှားနှင့် ယူကရိန်း နှစ်ဘက်လုံးမှ စစ်သားအရေအတွက် သိန်းနှင့်ချီ သေဆုံးခဲ့နိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

Source: AFP, Reuters

Photo: REUTERS/Vyacheslav Madiyevskyy, REUTERS/Vitalii Hnidyi,