မုန်းတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၁၉ ဦးနှင့် မိသားစုဝင် ၄၂ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု KNU ထုတ်ပြန်

မုန်းတိုက်ပွဲတွင် လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၁၉ ဦးနှင့် မိသားစုဝင် ၄၂ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထားဟု KNU ထုတ်ပြန်
ဇန်နဝါရီ 15, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း မုန်းမြို့ပေါ် တိုက်ပွဲများအတွင်း လက်နက်ချ အညံခံခဲ့သည့် စစ်‌ကောင်စီတပ်သား (၁၉)ဦးနှင့် တပ်မိသားစုဝင် (၄၂)ဦးကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNU ဗဟိုက ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်းတို့ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အပိုဒ် (၁)၊ အပိုဒ် (၃)၊ အပိုဒ် (၅)နှင့် အပိုဒ် (၉)ပါ အခွင့်အရေးများအား တစိုးတစိမျှ ချိုးဖောက်ခြင်းမရှိဘဲ လူသားတစ်ဦး၏ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက် ပေးထားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များအနေဖြင့် အဖက်ဖက်မှ ဆုတ်ယုတ်လာပြီး ၎င်းတို့၏ အာဏာဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချီရေး ယန္တယားကို အသုံးပြုကာ ၎င်းတို့အမြဲတစေ လုပ်ဆောင်ခဲ့သော ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနှင့် သတင်းအမှားများကို အသုံးပြုပြီး တော်လှန်ရေး အဖွဲ့အစည်းများကို ပြည်သူလူထုများအနေဖြင့် အထင်အမြင်လွှဲမှားအောင် လုပ်ဆောင်နေကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

ပြည်သူလူထုများအနေဖြင့် စစ်ကောင်စီတပ်၏ ဝါဒဖြန့်ချီမှုများမှ ရှောင်ကျဉ်နိုင်ရန်အတွက် ရရှိလာသော သတင်းအချက်အလက်များကို သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်း၏ တရားဝင် လူမှုကွန်ယက်သတင်းစာမျက်နှာများ၊ ယုံကြည်စိတ်ချရသော သတင်းဌာနများမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် တိုက်တွန်းနှိုးဆော်ထားသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻