အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်သည့် အဖွဲ့တွင် ပါဝင်သည့် အမျိုးသား (၆) ဦးကို မလေးရှားတွင် ဖမ်းဆီးရမိ

အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်သည့် အဖွဲ့တွင် ပါဝင်သည့် အမျိုးသား (၆) ဦးကို မလေးရှားတွင် ဖမ်းဆီးရမိ
By Mr John

အွန်လိုင်းအချစ်ဇာတ်လမ်းဆင် လိမ်လည်သည့်အဖွဲ့တွင် ပါဝင်သည့် အမျိုးသား (၆) ဦးကို မလေးရှားတွင် ဖမ်းဆီးရမိ

စင်ကာပူနှင့် မလေးရှား သက်ဆိုင်ရာဌာနများ ပူးပေါင်းစုံစမ်းစစ်ဆေးပြီးနောက် အင်တာနက်အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုတွင် ပါဝင်ပတ်သက်ကြောင်း သံသယရှိသူ အမျိုးသား(၆)ဦးကို မလေးရှားတွင် ဖမ်းဆီးခဲ့သည်။

၎င်းတို့သည် စင်ကာပူမှ အမျိုးသမီးများကို ထိုသို့ အချစ်ဇာတ်လမ်းဆင် လိမ်လည်ပြီး စင်ကာပူဒေါ်လာ ၃၁၀,၀၀၀ ကျော် လွှဲခိုင်းခဲ့သည့် အမှု (၁၀) ခုအတွက် တာဝန်ရှိသူများဖြစ်သည်ဟု စင်ကာပူရဲတပ်ဖွဲ့ Singapore Police Force (SPF) က ဧပြီ (၃၀) ရက်တွင် သတင်းထုတ်ပြန်သည်။



ယခုနှစ် မတ်လ (၂၂) ရက်နှင့် ဧပြီ (၇) ရက်ကြားတွင် အသက် (၄၆) နှစ်အရွယ် အမျိုးသမီးနှစ်ဦးက ၎င်းတို့သည် အင်တာနက်ပေါ်တွင် အချစ်ဇာတ်လမ်းဆင် လိမ်လည်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ပထမ အမျိုးသမီးက ၂၀၂၁ ခုနှစ် မတ်လအတွင်း အွန်လိုင်းတွင်ချိန်းတွေ့သည့် Dating App တစ်ခုတွင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အချစ်ဇာတ်လမ်းဖြစ်ခဲ့သည်ဟု ဆိုသည်။

၎င်းသည် အမေရိကန်နိုင်ငံသားဖြစ်ပြီး စင်ကာပူတွင် ရေနံအင်ဂျင်နီယာအဖြစ် အလုပ်လုပ်သူဖြစ်ကြောင်း အမျိုးသားက ပြောခဲ့သည်။



ထို့နောက် အဆိုပါအမျိုးသားက ၎င်း၏ ဘဏ်အကောင့်ကို အပိတ်ခံထားရတာကြောင့် ပစ္စည်းကိရိယာနှင့် အကောက်ခွန်ကျသင့်ငွေ ပေးချေရန် ငွေလိုကြောင်း အမျိုးသမီးထံ အကူအညီတောင်းခဲ့သည်။

အလိမ်ခံရသည့် အမျိုးသမီးကလည်း အမျိုးသား ပေးလာသည့် ဘဏ်အကောင့်တစ်ခုသို့ စုစုပေါင်း စင်ကာပူဒေါ်လာ ၁၅,၀၀၀ လွှဲပေးပြီး ကူညီခဲ့ကြောင်း သိရသည်။

ထိုငွေလွှဲပြီးနောက်ပိုင်း အဆိုပါအမျိုးသားက ငွေထပ်လွှဲပေးရန် နောက်ထပ်တောင်းဆိုမှုများ ရှိလာခဲ့ရာ သူမ အလိမ်ခံရပြီဟု အမျိုးသမီးက သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။

အလားတူ ဒုတိယ အမျိုးသမီးကလည်း ယခုနှစ် ဖေဖေါ်ဝါရီလအတွင်း Dating App တွင် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားက ၎င်းသည် ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်ပြီး လိမ်လည်ခံရသည့် အမျိုးသမီးရှိရာ စင်ကာပူသို့ လာရောက်မည်ဟု ပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မတ်လ (၆) ရက်နေ့တွင် အမျိုးသားက စင်ကာပူတွင် ၎င်း၏ ကုန်ကျစရိတ်အတွက်ဟုဆိုကာ စင်ကာပူဒေါ်လာ ၂၀,၀၀၀ တောင်းခဲ့ရာ အမျိုးသမီးက လွှဲပေးခဲ့သည်။



မတ်လ (၂၀) ရက်နေ့တွင် ထိုအမျိုးသားက နောက်ထပ် စင်ကာပူဒေါ်လာ ၂၀,၀၀၀ ထပ်မံ အကူအညီတောင်းခဲ့ရာ အလိမ်ခံရသည့် အမျိုးသမီးက ကူညီရန်ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

သို့သော် အမျိုးသားက ငွေလွှဲပေးရန် ဆက်လက် တောင်းဆိုနေခဲ့ရာ အမျိုးသမီးက နောက်ပိုင်းတွင် သံသယဖြစ်လာပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း သိရသည်။



ထိုအမှုနှစ်ခုနှင့် ဆက်စပ်ပြီး စင်ကာပူနှင့် မလေးရှား ရဲတပ်ဖွဲ့တို့ကြား ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့ရာ လိမ်လည်နေသည့်အဖွဲ့မှာ မလေးရှားတွင် အခြေစိုက်ကြောင်း‌ ဖော်ထုတ်နိုင်ခဲ့သည်။



ထို့နောက် ဧပြီ (၂၂) ရက်နှင့် (၂၃) ရက်တွင် နှစ်နိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိများက မလေးရှားနိုင်ငံ ဆီလန်ဂေါနှင့် ကွာလာလမ်ပူရှိ တိုက်ခန်းနှစ်ခန်းကို ဝင်ရောက်စီးနင်းခဲ့ကြရာ အင်တာနက်အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုလုပ်ခဲ့ကြောင်း သံသယရှိရသည့် နိုင်ဂျီးရီးယားနိုင်ငံမှ အမျိုးသားခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုစီးနင်းမှုများအတွင်း လက်ပ်တော့များ၊ မိုဘိုင်းဖုန်းများနှင့် ခရက်ဒစ်ကတ်များကို သိမ်းဆည်းရမိခဲ့သည်။



ထို့အပြင် စင်ကာပူ မိုဘိုင်းဖုန်းနံပါတ်နှင့် ဘဏ်အကောင့် အများအပြားကိုလည်း အီလက်ထရောနစ် အသုံးအဆောင်များထဲတွင် ရှာဖွေတွေ့ရှိခဲ့သည်။

စင်ကာပူနိုင်ငံ လိမ်လည်မှုတိုက်ဖျက်ရေး အရာရှိတွေက နောက်ထပ် အလားတူ အလိမ်ခံရနိုင်ခြေရှိမှုများကို ကြားဝင်တားဆီးခဲ့ပြီး အလိမ်ခံရသူ သုံးဦးကို နောက်ထပ် ငွေဆုံးရှုံးမှုမဖြစ်စေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လိမ်လည်သည့်အဖွဲ့နှစ်ဖွဲ့က စင်ကာပူတွင် စင်ကာပူဒေါ်လာ ၃၁၀,၀၀၀ ကျော် အလိမ်ခံရသည့် အမှု (၁၀) မှုကို ကျူးလွန်ခဲ့သည်ဟု ယုံကြည်ရသည်။



ယခုကဲ့သို့ လိမ်လည်မှုများတွင် လိမ်လည်သူတွေက အလိမ်ခံရသူတွေကို အွန်လိုင်းအချစ်ဇာတ်လမ်းဆင် ချဥ်းကပ်လေ့ရှိပြီး ၎င်းတို့ကို အစိုးရအာဏာပိုင်များ ထိန်းသိမ်းထားမှုကြောင့် ဒဏ်ကြေးနှင့် ဝန်ဆောင်ခပေးရန်ဟုဆိုကာ အလိမ်ခံရသူများထံမှ ငွေတောင်းလေ့ရှိကြောင်း၊ သို့မဟုတ် အလိမ်ခံရသူအတွက် လက်ဆောင်ပါဆယ်ထုတ်ကို အကောက်ခွန်ဌာန ထုတ်မပေးတာကြောင့် ထုတ်ယူနိုင်ရန်အတွက် ငွေလိုကြောင်းပြောပြီး ငွေလွှဲခိုင်းလေ့ရှိကြောင်း စင်ကာပူရဲတပ်ဖွဲ့က ပြောသည်။

ထိုလိမ်လည်မှု အများစုတွင် လိမ်လည်သူတွေက အောင်မြင်သူများ သို့မဟုတ် ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသူများအဖြစ် ဟန်ဆောင်လေ့ရှိကြောင်း စင်ကာပူရဲတပ်ဖွဲ့က သတိပေးခဲ့သည်။



Source: CNA